ဘာသာအယူဝါဒ လက်ခံ ကျင့်သုံးမှုသည် ရိုးရိုးသားသား အမှန်အတိုင်း ပြောရလျှင် မွေးရာပါ (မိရိုးဖလာ) လက်ခံကျင့်သုံးမှုက များသည်ဟု ဆိုနိုင်ပါသည်။ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးဖွားလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်တတ်ပြီး၊ ခရစ်ယာန် ဘာသာ မိဘနှစ်ပါးက မွေးဖွားလျှင် ခရစ်ယာန် ဘာသာ ဖြစ်တတ်ပါသည်။ ဘာသာရေး အမြင်တွင် ယုံကြည်မှုကို အခြေခံလေ့ရှိကြပြီး အမှားအမှန်ကို ဝေဖန် ဆန်းစစ်ရှုမြင်သည့် အလေ့ အလွန်နည်းသည်ကို တွေ့ရပါသည်။
အမှားအမှန်ကို ဝေဖန်ခွဲခြား သိမြင်ရန် ဆိုသည်မှာလည်း မွေးရာပါ ပဋိသန္ဓေ ပညာပါရှိမှုနှင့် လေ့လာဆည်းပူး အပ်သော ပ၀တ္တိပညာ ရှိမှုလိုအပ်ပါသည်။ ပညာအရာ ဧတဒဂ်ရ အရှင် သာရိပုတ္တရာ အလောင်း ဥပတိဿ ကဲ့သို့ အထွတ်အထိပ် ပဋိသန္ဓေ ပညာအခံရှိပြီး ပစ္ဆိမ ဘ၀ိက (နောက်ဆုံးဘ၀ရှိသူ၊ ဘ၀ဇာတ် ပြတ်စဲမည့်သူ) ဥာဏ်ပညာ ကြီးမားသူည်ပင် မိရိုးဖလာ မွေးရာပါ ကိုးကွယ်မှုအရ သိဉ္စည်း ဆရာကြီး၏ အယူဝါဒ အမှားနောက်သို့ လိုက်ပါမိသေးရကား အစွဲအလန်းကို လွယ်လွယ်ကူကူဖြင့် စွန့်လွှတ်ရိုး ထုံးစံမရှိ ဆိုသော အချက်ကို အထူး သတိမူအပ်ပါသည်။
မွေးရာပါ ပဋိသန္ဓေပညာ ကိုယ်ပိုင်ဥာဏ်ရှိသူ၊ အစဉ်မပြတ် အသိပညာ ရှာမှီးနေသူ၊ ဘာသာရေး လေ့လာလိုက်စားသူ အချို့သာ မိမိ လေ့လာ ရှာဖွေ တွေ့ရှိမှုအပေါ် အခြေခံ၍ အမှားအမှန်ကို ဝေဖန် ဆန်းစစ်ပြီး မိမိယူထားသော ဘာသာအယူဝါဒ အမှားကို စွန့်လွှတ်ကာ ဘာသာအယူဝါဒ အမှန်ကို လက်ခံ ပြောင်းလဲကျင့်သုံး တတ်ပါသည်။ စားဝတ်နေရေး ကြောင့်သော်လည်းကောင်း၊ ဒေသ အခြေအနေနှင့် လူမှုရေး သိမ်းသွင်းမှု အရ မလွန်ဆန် နိုင်ခြင်းကြောင့် သော်လည်းကောင်း၊ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း လက်ရှိ ခံယူရရှိထားသော ဘာသာအယူဝါဒ၌ ရပ်တည်နေကြသူများ၊ အခြားဘာသာ အယူဝါဒသို့ ကူးပြောင်း သွားကြသူများလည်း မဖြစ်မနေ ရှိတတ်ကြပါသည်။
စာရေးသူ (ပထမကျော် ဦးစံသင်းလှိုင်) အနေဖြင့် မည်သည့်ဘာသာကိုမျှ မှားသည် မှန်သည် ဝေဖန် ပြောဆိုခြင်း မပြုလိုပါ။ မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ဘာသာရေးလွတ်လပ်စွာ ကိုးကွယ်နိုင်မှု မူဝါဒအရ ပြောလည်း မပြောအပ်ပါ။ လူသားတို့ကို ယဉ်ကျေးသိမ့်မွေ့ စေသော သွန်သင် ဆုံးမချက်များ ဘာသာတိုင်းတွင် ရှိသည် ဆိုသော အချက်ကိုကား ပညာရှင်များ လက်ခံ ထားကြပါသည်။ စာရေးသူ (ပထမကျော် ဦးစံသင်းလှိုင်) ပြောဆိုသည်ကား ဗုဒ္ဓဘာသာဝင် တစ်ဦးသည် မိမိခံယူထားသည့် ဘာသာတရား၏ အဆုံးအမ အနှစ်သာရကို သိရှိ လိုက်နာဖို့ လိုအပ်သည် ဆိုသော အချက်ဖြစ်ပါသည်။ သူများယောင်လို့ ယောင် အမောင် တောင်မှန်း မြောက်မှန်း မသိ မဖြစ်သင့်ကြောင်း အထူး သတိပေးလို ပါသည်။ မိမိခံယူထားသော ဘာသာအယူဝါဒ အပေါ် ခိုင်မာစွာရပ်တည်ပြီး ဘာသာရေး အသိအမြင် အစဉ်ရှင်သန် နိုးကြား တိုးတက်နေအောင် ကြိုးပမ်း အားထုတ်ကာ မိမိဘာသာကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက် နိုင်သူ၊ အမျိုးဘာသာ သာသနာကို ချစ်စိတ်ရှိသူ ဖြစ်သင့်ပါသည်။
ထေရ၀ါဒဗုဒ္ဓဘာသာ
ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဘာသာဝင် အတော်များများသည် ဗုဒ္ဓတရားတော်၏ အဆုံးအမ အဓိက ပဓာန အနှစ်သာရတို့ မသိရှိ ကြပါ။ သိရှိအောင် လေ့လာရကောင်းမှန်း ပင် မသိကြပါ လောက၌ အမှားသည် ရှုထောင့်အမျိုးမျိုးအရ များစွာရှိပါသည်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး စသည်ဖြင့် များစွာ ရှိနိုင်ပါသည်။ အချို့သော အမှားသည် အကြောင်းအရာ အလိုက် ရက်လ နှစ်ကာလ တစ်ဘ၀ စသည်ဖြင့် ဆိုးကျိုးကို ပေးတတ်သည့် သဘောရှိသော်လည်း ဘာသာရေးအမှားကား သံသရာ တစ်လျှောက် တစ်ကောက်ကောက် လိုက်၍ မဆုံးနိုင်အောင်၊ ကာလသတ်၍ မရလောက်အောင် ဆိုးကျိုးပေးတတ်သည့် သဘောရှိပါသည်။

မြတ်သော လူသား
ဤလူ့ဘ၀၌ လူသားများစွာ နေထိုင်ကြသော်လည်း လူတို့၏ ကိုယ်ကျင့်တရား ကမ္မလုပ်ဆောင်မှု ကံတို့ဖြင့် တိုင်းတာ ရေတွက်ကြည့်လျှင် လူမျိုး ၄ မျိုးသာ တွေ့နိုင်ပေသည်။
၁။ ပေတမနုဿ

- ဒါန ပေးကမ်းလှူဒါန်း ရမှန်းမသိဘဲ စည်းစိမ် ဥစ္စာတို့အပေါ်၌ တွယ်တာမက်မောမှု လောဘက ပြိတ္တာဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို ပေတမနုဿ လူပြိတ္တာ ဟုခေါ်သည်။
၂။ တိရစ္ဆာန မနုဿ
- ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှု ကုသိုလ် တရားကို မပြုလုပ်ဘဲ တွေဝေမှု မောဟက တိရစ္ဆာန်ဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို တိရစ္ဆာန မနုဿ လူတိရစ္ဆာန် ဟုခေါ်သည်။
၃။ နိရယ မနုဿ
- လူပုဂ္ဂိုလ်စာရင်း ၀င်သော်လည်း ကုသိုလ် ကောင်းမှုမပြုဘဲ ဒေါသအလျှောက် သူတစ်ပါး အသက်သတ်ခြင်း၊ အကုသိုလ် ဒုစရိုက်တရား တို့ကို လိုလားစွာ ပြုလုပ်၏။ ထိုဒေါသတရားက ငရဲဘုံသို့ ပစ်ချလတ္တံ့ဖြစ်သောကြောင့် ထိုပုဂ္ဂိုလ်ကို နိရယ မနုဿ လူငရဲသား ဟုခေါ်သည်။
၎။ ပရမတ္တ မနုဿ
- ထိုပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်ကို သိ၏။ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိ၏။ ရုပ်တရား နာမ်တရားတို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်း သဘောကို ဝေဖန်ပိုင်းခြား သိတတ်၏။ ထိုပုဂ္ဂိုလ်ကို ပရမတ္တ မနုဿ မြတ်သောလူ ဟု ခေါ်သည်။
ထိုလူပုဂ္ဂိုလ် ၄ မျိုးတွင် ပေတမနုဿ၊ တိရစ္ဆာန မနုဿ၊ နိရယ မနုဿ ၃ မျိုးကား လူဟု ခေါ်ဆိုရသော်လည်း ပစ္စုပ္ပန်နှင့် အနာဂတ် ကာလအတွက် ကုသိုလ်ကောင်းမှု မရှိကြ။ အိပ်၊ စား၊ ကာမ ဤသုံးဝတွင် ဂေါနနှင့် လူအတူ တူတည်း ဟု နီတိ ဆိုရိုးစကားအတိုင်း အကျင့်သုံးပါးသာ ကျင့်သော လူတိရစ္ဆာန် များသာဖြစ်သည်။ လူဖြစ်ရှုံးနေကြသူများဟု ဆိုရပေမည်။
မနုဿ သတ္တဘာဝေါ ဒုလ္လဘော လူအဖြစ်ကို ရခဲ၏။ ရခဲသော လူအဖြစ်ကို ရလာလျှင်လည်း လူဖြစ်ကျိုးနပ်ဖို့ လိုပေသည်။ လူဖြစ်လာလျှင် ကုသိုလ်၊ အကုသိုလ်ကို သိရာ၏။ အကြောင်းဟုတ်သည် မဟုတ်သည်ကို သိရာ၏။ ရုပ်တရား နာမ်တရား တို့၏ မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်း သဘောကို ဝေဖန် ပိုင်းခြား သိတတ်သော ပရမတ္တ မနုဿ မြတ်သောလူ အမျိုးအစားသာ ဖြစ်သင့်ပေသည်။
No comments:
Post a Comment