သူရိယမှကြိုဆိုပါ၏ တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏ ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။
Showing posts with label ရိခြင်း နှင့် မပျင်းရိခြင်း. Show all posts
Showing posts with label ရိခြင်း နှင့် မပျင်းရိခြင်း. Show all posts

Wednesday, 9 November 2011

ပျင်းရိခြင်း နှင့် မပျင်းရိခြင်း


ဗုဒ္ဓဘုရားရှင်သည် လူအများ ကျင့်သုံးလိုက်နာရန် အဆုံးအမပေါင်းများစွာကို ဟောကြားတော်မူခဲ့သည်။ ယင်းတို့တွင် ပျင်းရိခြင်းနှင့် ပတ်သက်၍ ဟောကြားသည်မှာ အထူးသတိပြု ဆင်ခြင်ဖွယ်ရာ ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်က ပျင်းရိခြင်းနှင့် ပတ်သက်၍
(၁) ပျင်းရိ၍ အားမထုတ်ဘဲနေသောသူ။
(၂) မပျင်းရိဘဲ အားထုတ်၍နေသောသူဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြသည်။
ထိုသို့ ခွဲခြားပြီးလျှင် အကျိုးအပြစ်များကိုလည်း ဖွင့်ဆိုပြသည်။

မြတ်စွာဘုရား လက်ထက်တော်အခါက မဟာဓနသူဌေးသားနဲ့ ဇနီးမယားတို့ ရှိကြသည်။ သူတို့သည် မိဘတို့၏ အမွေအနှစ်များကို ရ၍ ကြွယ်ဝချမ်းသာကြသော်လည်း အားထုတ်ခြင်းမရှိ၊ ပျင်းရိသောကြောင့် စီးပွားများပျက်၍ သူတောင်းစားဘ၀သို့ ရောက်ခဲ့ကြရသည်။

တနေ့သောအခါ ဆွမ်းစားဇရပ်တခုတွင် မြတ်စွာဘုရားသည် သံဃာတော်များနဲ့အတူ ဆွမ်းစားနေတော်မူ၏။ ထိုစဉ် တံခါးဝ၌ ခွက်လက်စွဲကာ ရပ်နေသော ထိုသူဌေးသား လင်မယားကိုမြင်၍ ပြုံးတော်မူ၏။ ပြုံးတော်မူရခြင်းအကြောင်းကို အရှင်အာနန္ဒာ မေးမြန်းလျှောက်ထားသောအခါ ဘုရားရှင်က-ငါသည် သူဌေးသားကိုမြင်၍ ပြုံးရသည်။ ဤသူဌေးသားနှင့် ဇနီးမယားတို့သည် လောကနှင့် ဓမ္မ နှစ်ဌာနတို့၌ ပျင်းရိ၍ အားထုတ်မှုမရှိသောကြောင့် လောကချမ်းသာ၊ ဓမ္မချမ်းသာ နှစ်မျိုးလုံးတို့မှ ဆုတ်ယုတ်သွားရလေပြီ-ဟု မိန့်ကြားတော်မူ၏။

ဘုရားရှင်က ဆက်လက်၍ ဤသူဌေးသားနှင့် ဇနီးမယားတို့သည် လောကဘက်၌ ပထမအရွယ်တွင် စီးပွားဥစ္စာ ရှာကြသော် ပထမတန်းစား သူဌေးများ ဖြစ်နိုင်ကြသည်။
ဓမ္မဘက်က တရားအားထုတ်ကြလျှင် သူဌေးသားက ရဟန္တာ၊ ဇနီးမယားက အနာဂါမ် ဖြစ်နိုင်ကြပေသည်-ဟု မိန့်တော်မူသည်။

ထို့နောက် ဘုရားရှင်က- ဤသူဌေးသားနှင့် ဇနီးမယားတို့သည် ဒုတိယအရွယ်တွင် စီးပွားဥစ္စာရှာကြသော် ဒုတိယတန်းစား သူဌေးများ ဖြစ်နိုင်ကြပေသည်။
ဓမ္မဘက်က တရားအားထုတ်ကြသော် သူဌေးသားက အနာဂါမ်၊ ဇနီးမယားက သကဒါဂါမ် ဖြစ်နိုင်ကြပေသည်။

အကယ်၍ တတိယအရွယ်တွင် စီးပွားဥစ္စာရှာကြသော် တတိယတန်းစား သူဌေးများ ဖြစ်နိုင်ကြပေသည်။
ဓမ္မဘက်က တရားအားထုတ်ကြလျှင်မူ သူဌေးသားက သကဒါဂါမ်၊ ဇနီးမယားက သောတာပန် ဖြစ်နိုင်ကြပေသည်။

ယခုမူ ပျင်းရိ၍ အားမထုတ်ခဲ့သောကြောင့် သူဌေးအဖြစ်မှလည်း ဆုတ်ယုတ်သွားကြပေပြီ။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ မဖြစ်ကြဘဲ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာတို့မှလည်း ဆုတ်ယုတ်သွားကြပေပြီ-ဟု မိန့်တော်မူသည်။
ဤမိန့်တော်မူချက်သည် ပျင်းရိခြင်း၏ အကျိုးနှင့်အပြစ်ကို ကောင်းစွာ သာဓကပြလျက်ရှိသည်။


လောကနီတိကျမ်းဆရာများကလည်း ပျင်းရိ၍ အားမထုတ်ဘဲနေသူတို့၏ ဆုတ်ယုတ်သွားပုံကို ရေးသားဖွင့်ပြကြသည်။
* ပျင်းရိသူသည် အတတ်ပညာ မတတ်၊
အတတ်ပညာ မရှိသူအား စီးပွားဥစ္စာ မရနိုင်၊
စီးပွားဥစ္စာ မရှိသူအား မိတ်ဆွေကောင်း မရနိုင်၊
မိတ်ဆွေကောင်း မရှိသူအား ချမ်းသာသုခ မရနိုင်၊
ချမ်းသာသုခ မရှိသူအား ကောင်းမှုမပြုနိုင်၊
ကောင်းမှုမရှိသောသူအား နိဗ္ဗာန်ချမ်းသာကို မရနိုင်-ဟူ၍ လောကဓမ္မ နှစ်ဌာနလုံး၌ ဆုတ်ယုတ်သွားပုံကို ဖွင့်ဆိုပြထားသည်။

>>>Read more>>> >>