သူရိယမှကြိုဆိုပါ၏ တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏ ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။
Showing posts with label အရှက် အကြောက် ဆိုသည်မှာ. Show all posts
Showing posts with label အရှက် အကြောက် ဆိုသည်မှာ. Show all posts

Saturday, 31 December 2011

အရှက် အကြောက် ဆိုသည်မှာ

ဤနေရာ၌ ဟိရီနှင့်သြတ္တပ္ပ နှစ်ခုကို တစ်ခုစီခွဲပြီး မရေးတော့ဘဲ ပေါင်းပြီး ရေးသားတင်ပြလိုက်ပါသည်။ ဟိရီနှင့်သြတ္တပ္ပဆိုသည်မှာ မကောင်းမှုပြုလုပ်ရာ၌ ရှက်ခြင်းနှင့်ကြောက်ခြင်း ဖြစ်ပါသည်။

ဟိရီဆိုသည်မှာ ကာယဒုစရိုက်သုံးပါး၊ ၀စီဒုစရိုက်လေးပါးတို့ကို ပြုလုပ်ရာ၌ ရှက်ခြင်းကို ဆိုလိုပါသည်။ ရှက်သည်ဟူရာ၌ “မိကောင်းဖခင် သားသမီးဖြစ်သော အမျိုးကောင်းမှ မွေးဖွားသောငါသည် မကောင်းမှု ပြုလုပ်နေလျှင် ရှက်စရာကောင်းသည်”ဟု မိမိအမျိုးဂုဏ်သိက္ခာကြောင့် ရှက်သူလည်းရှိ၏။

ထို့ပြင် “ငါသည် ပညာတတ်သူ တစ်ယောက်ဖြစ်သောကြောင့် ပညာမရှိသူ ဘာမှအသိဉာဏ်မရှိသော နလပိန်းတုံးများရဲ့ အလုပ်ဖြစ်သည်“ဟု မိမိပညာဂုဏ်ကြောင့် ရှက်သူလည်းရှိ၏။ တဖန် အစွမ်းသတ္တိနှင့် ပြည့်စုံသောသူသည် “မကောင်းမှုကို ပြုလုပ်သောသူသည် သတ္တိမရှိသောသူတို့၏ အလုပ်ဖြစ်သည်“ဟု စဉ်းစားကြံဆ၍ မကောင်းမှုပြုလုပ်ရမည်ကို ရှက်သူလည်းရှိ၏။


ဤနေရာ၌ သတ်ဖြတ်မှုစသည်ကို ပြုလုပ်ရဲခြင်းသည် အစွမ်းသတ္တိရှိသူ မဟုတ်ပေ။ မိုက်မဲခြင်းသာ ဖြစ်ပေသည်။ တစ်ချို့က “မင့်ဒါလေးကို မလုပ်ရဲဘူးလား မင့်မလုပ်ရဲရင် ငါလုပ်မည်“ဟု ပြောပြီး သတ်ဖြတ်မှု စသည်ကို ပြုလုပ်ခြင်းသည် အစွမ်းသတ္တိရှိခြင်းမဟုတ် မိုက်မဲခြင်းသာ ဖြစ်ပေသည်။ သတ္တိရှိခြင်းဆိုသည်မှာ အများအတွက် လုပ်ဆောင်သောအမှုကိစ္စ၊ ကောင်းသောအမှုကိစ္စတို့ကို လုပ်ရဲခြင်းသည်သာ သတ္တိရှိခြင်း ဖြစ်ပေသည်။

ထို့ပြင် အသက်သိက္ခာကြီးမားသောပုဂ္ဂိုလ်၊ သီလရှိသော ပုဂ္ဂိုလ်များသည်လည်း မိမိရဲ့ အသက်သိက္ခာ သီလသိက္ခာတို့ကို စောင့်ထိန်းသောအားဖြင့် မကောင်းမှုပြုလုပ်ရမည်ကို ရှက်သောသူများလည်း ရှိပါသည်။ ထိုကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် မကောင်းမှု ပြုလုပ်ရမည်ကို ရှက်ခြင်းသည် ဟိရီပင်ဖြစ်ပါသည်။

သြတ္တပ္ပဆိုသည်မှာ ကာယဒုစရိုက်၊ ၀စီဒုစရိုက်တို့ကို ပြုလုပ်ခြင်း၌ ကြောက်ခြင်းပင် ဖြစ်ပါသည်။ မိမိမကောင်းမှု ပြုလုပ်နေသည်ကို သူတစ်ပါးသိမှာ ကြောက်ခြင်းကို ဆိုလိုပါသည်။ ကြောက်သည်ဆိုရာဝယ် ငါတစ်ယောက်က မကောင်းမှုပြုလုပ်လျှင် ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့ဆရာသမားများ သူတစ်ပါးတို့၏ ကဲ့ရဲ့ခြင်းကိုခံရ၍ “တံထွေးခွက်ထဲ ပက်လက်မျောကာ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ရလိမ့်မည်”ဟု မိမိနဲ့ သက်ဆိုင်သောသူများကို ငဲ့ညှာထောက်ထားပြီး မကောင်းမှုပြုလုပ်ရမည်ကို ကြောက်ခြင်းမျိုး ဖြစ်ပါသည်။

ထိုသြတ္တပ္ပနှင့်ဟိရီကို နှိုင်းယှဉ်ကြည့်လျှင် ဟိရီက မိမိကိုယ်ကိုရှက်ခြင်း၊ သြတ္တပ္ပက သူတစ်ပါးသိမည်ကို ကြောက်ခြင်းဖြစ်၍ သြတ္တပ္ပထက် ဟိရီက ပိုမိုမြင့်မြတ်ကြောင်း တွေ့ရပါသည်။

ဟိရီနှင့်သြတ္တပ္ပနှစ်ပါးရှိလျှင် မိမိကိုယ်ကိုလည်းရှက် သူတစ်ပါးသိမည်ကိုလည်း ကြောက်သောကြောင့် မကောင်းမှုပြုလုပ်ရန် ရှောင်ကြဉ်နိုင်ပါလိမ့်မည်။ ထိုနှစ်ပါးမရှိပါက မကောင်းမှုပြုလုပ်ခြင်းသည် ရှက်စရာ ကြောက်စရာမှန်းးမသိ၍ ပြုလုပ်ချင်တိုင်း ပြုလုပ်နေမည်မှာ သေချာလှပါသည်။ သို့ဖြစ်၍ ဤဟိရီနှင့်သြတ္တပ္ပ တရားနှစ်ပါးသည် အကုသိုလ်လုပ်ငန်းများမှ ရှောင်ကြဉ်၍ ကုသိုလ်ကောင်းမှုပြုလုပ်ရန် အကြောင်းမူလ တရားများပင် ဖြစ်ပါသည်။

ဤဟိရီသြတ္တပ္ပတရားနှစ်ပါးကို “လောကပါလ-ကမ္ဘာစောင့်တရားဟုလည်းကောင်း၊ သုက္ကဓမ္မ-ဖြူစင် သန့်ရှင်းသောတရား”ဟုလည်းကောင်း ခေါ်ဆိုကြပါသည်။ အကြောင်းမှာ လူနှင့်တိရစ္ဆာန် ကွဲပြားခြားနားအောင် ဤတရားနှစ်ပါးက စောင့်ရှောက်ပေးသောကြောင့် ဖြစ်ပါသည်။ ဤတရားနှစ်ပါးမရှိလျှင် သားနဲ့အမိ၊ အဖနဲ့သမီး၊ မောင်နဲ့နှမ ဖောက်ပြန်မှုများဖြစ်ပြီး တိရစ္ဆာန်များနဲ့ တူကုန်ပါလိမ့်မည်။

တစ်ချို့နိုင်ငံများတွင် ဤတရားနှစ်ပါးမရှိသောကြောင့် ဖြစ်ချင်တိုင်းဖြစ်နေကြပြီး တိရစ္ဆာန်များနဲ့ ထူးမခြားနား ဖြစ်နေကြပါသည်။ ထို့ကြောင့် ဤတရားနှစ်ပါးရှိရန် လူသားတိုင်းတွင် အလွန်အရေးကြီးပါသည်။

ယခုခေတ်၌ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစားများ ၀တ်ဆင်လာကြသည်ကို တွေ့မြင်နေရပါသည်။ ထိုကဲ့သို့ ၀တ်ဆင်သောသူများသည် မိမိကိုယ်ကို ခေတ်မှီသောလူတစ်ယောက်၊ လှပသောလူတစ်ယောက်၊ ၀တ်ဆင်နိုင်သောလူတစ်ယောက်ဟု အထင်ကြီးနေကြပါသည်။ ထိုကဲ့သို့ ဟိရီသြတ္တပ္ပကင်းမဲ့သောသူများသည် တိရစ္ဆာန်များနဲ့ ထူးမခြားသောကြောင့် မိမိကိုယ်ကို အမြှီးပေါက်နေသည်ကိုတော့ သတိမထားမိကြပေ။ ထိုကဲ့သို့ အမြှီးပေါက်နေသောသူများကို အတုယူပြီး ၀တ်ဆင်ခြင်းသည် မြန်မာရိုးရာ ပျက်စီးခြင်း၊ ဟိရီသြတ္တပ္ပ ကင်းမဲ့ခြင်းများသာ ဖြစ်ပါသည်။ ထို့ကြောင့် အမြှီးမပေါက်ရန် ရှောင်ကြဉ်သင့်ပါသည်။ သို့မှသာလျှင် “လူကောင်း”တစ်ယောက် ဖြစ်ပါလိမ့်မည်။

တစ်ချို့နိုင်ငံများ၌ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစားများကို ၀တ်ဆင်ခြင်းသည် သူတို့ယဉ်ကျေးမှုနဲ့ သူတို့ဝတ်ဆင်ခြင်းဖြစ်သော်လည်း လူသားဖြစ်သည့်အတွက် သူတစ်ပါးအကုသိုလ်မဖြစ်အောင် ရှောင်ကြဉ်ရပါ လိမ့်မည်။ ထိုကဲ့သို့ ဟိရီသြတ္တပ္ပကင်းမဲ့သော အ၀တ်အစား အပြောအဆို အနေအထိုင်တို့ကြောင့်လည်း သူတို့တွင် ကာမရာဂနဲ့ပတ်သတ်သော အကုသိုလ်များ အလွယ်တကူ ဖြစ်နေကြပါသည်။ မိမိတို့မှာ အကုသိုလ်ဆိုသည်ကို မသိသောကြောင့် ထိုကဲ့သို့ ၀တ်ဆင်ခြင်းဖြစ်သည်ဟု အကြောင်းပြပါကလည်း မိမိလုပ်သောကံသည် မိမိကိုယ်တိုင် ခံစားရမည့် သဘောတရားရှိနေသည့်အတွက် မည်သည့်သတ္တ၀ါမဆို အကုသိုလ်မဖြစ်အောင် ရှောင်ကြဉ်ရပါလိမ့်မည်။ လူသားဖြစ်သောသူများမှာ အသိဉာဏ်ရှိသောကြောင့် ပို၍ပင် မကောင်းမှုမဖြစ်အောင် ရှောင်ကြဉ်သင့်ပါသည်။

ဟိရီ သြတ္တပ္ပ အတု

ရှက်မှု၊ ကြောက်လန့်မှုကို ဟိရီသြတ္တပ္ပဟုဆိုသော်လည်း တွေ့ကရာကို ရှက်ကြောက်ခြင်းသည် ဟိရီသြတ္တပ္ပအစစ်မဟုတ်ပေ။ ဒုစရိုက်မကောင်းမှုများကို ပြုလုပ်ရမည်မှ ရှက်ခြင်း ကြောက်ခြင်းသည်သာ ဟိရီသြတ္တပ္ပ အစစ်ဖြစ်ပါသည်။

ထို့ကြောင့် “ဥပုသ်စောင့် တရားနာ ဘုရားသွားရမည်ကို ရှက်မှု၊ ပရိသတ်အလယ်၌ စာဖတ် စကားပြောရမည်ကို ရှက်မှု၊ အလုပ်လက်မဲ့နဲ့ တေလေလုပ်နေသည်ကို မရှက်ဘဲနဲ့ အောက်ကျသည်ဟုထင်ရသော အလုပ်တစ်ခုခုလုပ်ရမည်ကို ရှက်မှု၊ ယောက်ျားနှင့်မိန်းကလေးတို့ အချင်းအချင်း တွေ့သောအခါ ရှက်ကြောက်နေမှုများသည် ဟိရီသြတ္တပ္ပအစစ်မဟုတ်ပါ။ ပရိယာယ်မာယာများခြင်း၊ ဟန်ကြီးပန်ကြီး လုပ်ခြင်းသာ ဖြစ်ပါသည်။ အဘိဓမ္မာ-အလိုအားဖြင့် တဏှာသဘောပင် ဖြစ်ပါသည်။

ထို့ပြင် မရှက်မကြောက်ရမည့် နေရာများမှာ-
၁။ ရောင်းဝယ်ဖေါက်ကား အတိုးအပွါး ပေးသောအခါ၊
၂။ ဆရာ့ထံသို့ ချဉ်းကပ်၍ ပညာသင်ယူသောအခါ၊
၃။ အစာစားသောအခါ၊
၎။ သမီးရည်းစား စကားပြောသောအခါတို့၌ မရှက်မကြောက်ရဟု လောကနီတိကျမ်း၌ ပြဆိုထားပါသည်။

တရားရုံးစသည်တို့၌ အရာရှိများကို ကြောက်ခြင်း၊ ရထား သင်္ဘောပေါ်၌ အပေါ့အပါးသွားချင်သည်ကို မသွားဝံ့အောင် ကြောက်ခြင်း၊ လူတစ်ယောက်နှင့်တစ်ယောက်ကြောက်ခြင်း၊ ခွေးစသော တိရစ္ဆာန်များကို ကြောက်ခြင်း၊ တစ္ဆေသရဲများကို ကြောက်ခြင်း၊ မရောက်ဖူးသောအရပ်သို့ ခရီးသွားရမည်ကို ကြောက်ခြင်းတို့သည် သြတ္တပ္ပအစစ် မဟုတ်ပါ။ သတ္တိညံ့ဖျင်းမှု၊ သူရဲဘောကြောင်မှုပင် ဖြစ်ပါသည်။

မကောင်းမှုလုပ်ရမည်ကို ရှက်ကြောက်ပြီး မရှက်မကြောက်သင့်သော နေရာတို့၌ မရှက်မကြောက်အောင် သတိထားပြီး နေသောသူသည်သာ “လူကောင်း”တစ်ယောက် ဖြစ်ပါလိမ့်မည်။ နေရာတိုင်း၌ ရှက်ကြောက်နေသောသူကို “လူကောင်း”ဟု ခေါ်ဝေါ်ပြောဆိုမရသကဲ့သို့ နေရာတိုင်း၌ ဟိရီသြတ္တပ္ပကင်းမဲ့ နေလျှင်လည်း “လူမိုက်”ဖြစ်သွားပါလိမ့်မည်။

ဤဟိရီသြတ္တပ္ပတရားများသည် လူသားမှန်လျှင် မရှိမဖြစ်လိုအပ်သော တရားများဖြစ်သောကြောင့် လိုက်နာစောင့်ထိန်း ကျင့်ကြံကြရန်အတွက် ဟိရီသြတ္တပ္ပအကြောင်းကို မိမိသိသလောက် ရေးသားတင်ပြလိုက်ပါသည်။
>>>Read more>>> >>