သူရိယမှကြိုဆိုပါ၏ တရားကိုချစ်ခင်၊ တရားကိုမြတ်နိုး၊ တရားနှင့်ပျော်မွေ့သူတိုင်း ဘ၀၏ ငြိမ်းအေးရာ တရားထူး၊တရားမြတ်များ ရှာတွေ့နိုင်ကြပါစေ။

Monday, 21 November 2011

              လောကဓံကြုံ မဖြုံတမ်းပေါ့ မတုန်စမ်းနဲ့ စိတ်ခိုင်စေ


လောကဓံကြုံ မဖြုံတမ်းပေါ့ မတုန်စမ်းနဲ့ စိတ်ခိုင်စေ
လောကဓံတရား ဟူသည်မှာ လောကဓမ္မ ဟူသောပါဠိမှ ဆင်းသက်လာသော ပါဠိပျက် စကားလုံး၊(တနည်း) ပါဠိစကားလုံးကို မြန်မာမှုပြု မွေးစားထားသော ပါဠိသက်စကားလုံး (ပါဠိမှဆင်းသက်လာသော စကားလုံး) သာ ဖြစ်ပါသည်။ လောကဓမ္မ ကိုပင် လောကဓံဟု ခေါ်ဆိုကြခြင်း ဖြစ်ပါသည်။ လောကဓံဟုလည်းကောင်း၊ လောကဓမ်ဟုလည်းကောင်း သတ်ပုံနှစ်မျိုးရှိရာတွင် နှစ်မျိုးလုံး မှန်ကန်သည်သာတည်း။ အဘယ့်ကြောင့်ဆိုသော် လောကဓမ္မ မှ မနှစ်လုံးရှိရာတွင် မတစ်လုံးကိုချေ၍ ကျန်မတစ်လုံးကို အသတ်တင်ပြီး မြန်မာမှုပြုလျှင် လောကဓမ် ဖြစ်၏။ ဥပမာ နိဗ္ဗာနမှ- နိဗ္ဗာန်၊ ကုသလမှ -ကုသိုလ် ဖြစ်ခြင်းမျိုးတည်း။ ထို့ကြောင့် လောကဓမ်လည်း မှန်သည်သာ။ လောကဓမ္မ မှ မနှစ်လုံးရှိရာတွင် မတစ်လုံးကိုချေ၍ ကျန်မတစ်လုံးကို ပါဠိသဒ္ဒါနည်းအရ သေးသေးတင်အဖြစ် ပြောင်းလဲနိုင်သောကြောင့် လောကဓံလည်း မှန်ကန် သင့်လျှော်သည်သာတည်း။
လောကဓမ္မောတိ ခန္ဓာ ပဉ္စကံ၊ တံ ဟိ လုဇ္ဇန သဘာဝတ္တာ လောကဓမ္မောတိ ၀ုစ္စတိ။
အဓိပ္ပါယ်မှာ လောကထဲမှာ အမြဲတမ်းပြောင်းလဲ ဖြစ်ပေါ်နေသောတရားဟု ဆိုလိုပါသည်။ တိုက်ရိုက တရားကိုယ်အရကောက်ယူသော် ခန္ဓာငါးပါးပင်တည်း။ လောကတွင်းရှိ သတ္တ၀ါအားလုံးပင် ခန္ဓာငါးပါးနှင့် မကင်းနိုင်ကြပေ။ ထိုကြောင့် ခန္ဓာငါးပါးကို ပဓါနဆိုလိုခြင်းဖြစ်ကြောင်း မှတ်ယူရပါမည်။ လောကတွင်းမှာ အမြဲတမ်း ပြောင်းလဲ ဖြစ်ပျက်နေသော တရားကို လောကဓံတရားဟု ဆိုလိုပါသည်။ တနည်းအားဖြင့် အမြဲတမ်း ပြောင်းလဲ ဖြစ်ပျက်နေသော ဓမ္မသည် သဘာဝတရားပင်တည်း။ ထို့ကြောင့် လောက သဘာဝအရ ပြောင်းလဲ ဖြစ်နေသောတရားကို လောကဓံတရားဟု ဆိုလိုကြောင်း သဘောပေါက်ရမည် ဖြစ်ပါသည်။ “ပြောင်းလဲ ဖြစ်နေခြင်း” ဟူသည်
“ကောင်း ဆိုးနှစတန် အစုံတွဲလို့ တစ်လှည်စီလဲ အမြဲနေ၊
လောကဓံကြုံ မဖြုံတမ်းပေါ့ မတုန်စမ်းနဲ့ စိတ်ခိုင်စေ။”
လောကဓံတရားကို ဖွင့်ဆိုပြသော မင်္ဂလာကဗျာနှင့်အညီ အကောင်းလောကဓံတရား(၄)ပါးနှင့် အဆိုးလောကဓံတရား(၄)ပါးတို့ အတည်တကျမရှိဘဲ၊ အမြဲတမ်ါး ပြောင်းလဲကာ တစ်လှည့်စီ လဲလှယ် ဖြစ်ပေါ်နေခြင်းကို ဆိုလိုပါသည်။ ထို့ကြောင့် မာန်လည်ဆရာတော်ကြီးက မဃဒေ၀လင်္ကာ၌
“ခေါက်ရှာငှက်ပျံ၊ ခင်ပုတ်ပျံနှင့်၊ ဘုတ်ပျံ ရှူးပျံ၊ လောကဓံ။”
ဟုစပ်ဆိုတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ခေါက်ရှာငှက်၊ ခင်ပုတ်ငှက်၊ ဘုတ်ငှက် နှင့် ရှူးပျံတို့သည် ကောင်းကင်သို့ ပျံသန်းသောအခါ တန်းတန်းမတ်မတ် ပျံသန်းလေ့ မရှိပေ။ နိမ့်ချည်တစ်ခါ မြင့်ချည်တစ်လှည်ဖြင့်သာ ပျံသန်းလေ့ ရှိပါသည်။ လောကဓံတရားသည်လည်း ထိုငှက်တို့ ပျံသန်းသလိုပင် အမြဲအတည်တကျမရှိဘဲ ပြောင်းလဲနေခြင်းကို သရုပ်ပေါ်အောင် ကဗျာစပ်ဆို မှတ်တမ်းတင်ခဲ့ခြင် ဖြစ်ပါသည်။
လောကဓံတရား ရှစ်ပါးဆိုသည်မှာ…..
၁။ လာဘော၊ လာဘ်ပေါများခြင်း၊ ပစ္စည်း ဥစ္စာပေါများခြင်း၊ ရှာဖွေရ လွယ်ကူခြင်း။
၂။ အလာဘော၊ လာဘ်မရခြင်း၊ ပစ္စည်း ဥစ္စာ ရှားပါးခြင်း၊ ဆင်းရဲချို့တဲ့ခြင်း၊ ရှာဖွေရ ခက်ခဲခြင်း။
၃။ ယသောအခြံအရံ အခြွေအရံများခြင်း၊ မျက်နှာပွင့်၍ လူတိုင်းက ချစ်ခင်ကာ ခေါ်ချင် ပြောချင် နှုတ်ဆက်ချင်ကြခြင်း၊ ၀ိုင်းဝန်းကူညီသူ ပေါများခြင်း။
၎။ အယသော၊ အခြံအရံ အခြွေအရံနည်းခြင်း၊ အထီးကျန်ခြင်း၊ မျက်နှာမွဲ၍ ခေါ်မည့် ပြောမည့် နှုတ်ဆက်မည့်သူ မရှိခြင်း။
၅။ နိန္ဒာ နှိမ့်ချ ခံရခြင်း၊ကဲ့ရဲ့ခံရခြင်း၊ ရှုတ်ချ ခံရခြင်း၊ လူမုန်းများခြင်း၊ မကောင်းသတင်း ကျော်ကြားခြင်း၊ လူအများစုက ထိုသူ၏ မကောင်းသတင်းကို မြိန်ရေရှက်ရေ ပြောဆိုနေကြခြင်း။
၆။ ပသံသာချီးမွမ်းခံရခြင်း၊ ချီးကြူးခံရခြင်း၊ ကောင်းသတင်း ကျော်စောခြင်း၊ တစ်ဦးချင်းကလည်းကောင်း၊ လူအများစုကလည်းကောင်း ချီးကြူးခြင်း။
၇။ သုခံ၊ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်းနှင့် ပြည့်စုံခြင်း၊ အနာရောဂါကင်း၍ ကျန်းမာခြင်း၊ ပစ္စည်း ဥစ္စာ ရာထူးဂုဏ်သိရ် ပြည့်စုံစွာဖြင့် စည်းစိမ် ခံစားရခြင်း။
၈။ ဒုကံ္ခကိုယ်၏ ဆင်းရဲခြင်း၊ စိတ်၏ ဆင်းရဲခြင်းကို တွေ့ကြုံခံစားရခြင်း၊ အနာရောဂါ နှိပ်စက် ခံရခြင်း၊ ပစ္စည်း ဥစ္စာ ရာထူးဂုဏ်သိရ် ကင်းမဲ့လျက် စိတ်မချမ်းသာမ၍ ကြုံရခြင်း
တို့ဖြစ်ပါတယ်။
ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ အသောကံ ၀ိရဇံ ခေမံ ဧတ်မရင်္ဂလမုတ္တမံ။
လောကဓံ တရားနှင့် ကြုံလာရင် မတုန်မလှုပ်သီးခံနိုင်သောသူသည် စိုးရိမ်ပူဆွေးမှု မရှိ။ သောက မဖြစ်ပေ။ ထို့ကြောင့် လောကဓံ ခံနိုင်ခြင်းကို မင်္ဂလာ အဖြစ် ဗုဒ္ဓဘုရားရှင်က မင်္ဂလသုတ်တွင် ထုတ်ဖေါ် ဟောကြားထားတော်မူခြင်း ဖြစ်ပါသည်။
ဤလောကဓံတရား (ဂ)ပါးအနက် လာဘော၊ ယသော၊ ပသံသံ၊ သုခံ ဟူသော အကောင်းလောကဓံများနှင့် တွေ့ကြုံရသောအခါ ကောကသား လူတိုင်းသည် ၀မ်းမြောက် ရွှင်မြူး ပျော်ရွှင်ကြသည်။ ထိုသို့ အကောင်းချည်း ဖြစ်နေ၍ အချို့မှာ မာနတံခွန်ထူကာ လူတစ်ဖက်သားကို မတူမတန်ဟု ယူဆလာကြ၏။ မျက်စိမှေး၍ ခေါင်းထောင်ကာ ရင်ကောာ့ချင်ကြ၏။ ကောင်းကင်လေမိ၍ ဘ၀င်မြင့်ကြ၏။ ငယ်သူငယ်ချင်းများ၊ မိတ်ဆွေရင်းချာများ၊ မိဘ ညီအစ်ကို မောင်နှစ်မ သားချင်းများကိုပင် မခေါ်ချင်၊ မပြောချင် ဖြစ်လာကြသည်။ ဤကဲ့သို့ ဖြစ်ခြင်းကို အကောင်းလောကဓံကြုံ၍ တုန်လှုပ်သည်ဟု ဆိုပါသည်။
အလာဘော၊ အယသော၊ နိန္ဒံ၊ ဒုက္ခံ ဟူသော မကောင်းသော လောကဓံ (၄)ပါးတို့နှင့် တွေ့ကြုံကြရသည့်အခါ စိတ်ပျက်ရ၊ ၀မ်းနည်းရ၊ စိတ်အားငယ်ရ၊ ငိုပွဲဆင်ကြရသည်။ ပရိဿတ်အလယ်၌ မျက်နှာရှုံ့တွ ခေါင်းငိုက်စိုက်ချလျက်၊ လူတောထဲ ၀င်ရမည်ကို လန့်နေသည်။ သိမ်ငယ်စိတ်က လွှမ်းမိုးနေ၍ မိတ်ဆွေရင်းကိုပင် နှုတ်မဆတ်ရဲပေ။ “ငါ့ကို ပြန်နှုတ်ဆတ်ပါ့မလား” ဟု မယုံမရဲ ဖြစ်တတ်သည်။ ရွှေမပါ စိန်မပါလျှင် ပရိဿတ်ထဲ မ၀င်ရဲ။ ထောင်ကျော်တန်အ၀တ် မ၀တ်ရလျှင် ပွဲမတိုးဝံ့သဖြင့် အိမ်တွင်းပုန်း လုပ်နေတတ်သည်။ ဤကဲ့သို့ ဖြစ်ခြင်းကလညိးု အဆိုးလောကဓံကြုံ၍ တုန်လှုပ်သည်ဟု ဆိုပါသည်။
ဘုရား ရဟန္တာများမှာမူ အကောင်းလောကဓံ (၄)ပါးကြောင့်လည်း ၀မ်းမြောက် ရွှင်လန်း တတ်ကြွ တုန်လှုပ်မှုမရှိ။ အဆိုးလောကဓံ (၄)ပါးကြောင့်လည်း စိတ်ပျက် အားငယ် ၀မ်းနည်း တုန်လှုပ်မှုမရှိကြပေ။
မြတ်စွာဘုရားနှင့် လောကဓံ။ ။
မြတ်စွာဘုရားသည် နောက်လိုက်နောက်ပါ ရဟန္တာ (၅၀၀)နှင့်အတူ ကောသမ္ဗီ နေပြည်တော်အတွင်း ဆွမ်းခံကြွကာ လှည့်လည်သောအခါ မာဂဏ္ဍီမိဖုရားကြီး၏ စေခိုင်းမှုကြောင့် ကောသမ္ဗီပြည်သားတို့သည် ဘုရားနှင့် ရဟန္တာများကို ဆွမ်းမလောင်းကြရုံသာမက သတ်မည၊် ဖြတ်မည၊် ရိုက်နှက်မည် ကြိမ်းမောင်း ခြိမ်းခြောက်၍ ခဲများ၊ တုတ်များဖြင့် ပစ်ခတ်ကြသည်။ အမျိုးနှင့်ချီ၍ ဆဲရေးကြသည်။ လူအုပ်ကြီးများဖွဲ့၍ ဘုရားနှင့် ရဟန္တာများ ဆွမ်းခံကြွတော်မူရာ နေရာတိုင်း နောက်မှလိုက်ပြီး၊ ဆဲဆိုကြ၊ ကဲ့ရဲ့ရှုတ်ချကြသည်။ လူအုပ်ကြီးဖြင့် ဘေးနှစ်ဘက်မှညှပ် ပိတ်ဆို့ပြီးလည်း ဆဲဆိုကြ၊ ပြစ်တင်ကြိမ်းမောင်းကြသည်။ သူတို့၏ ယုတ်ညံ့သော အင်္ဂါဇာတ်တို့ဖြင့်လည်း တိုင်းထွာ ဆဲရေးကြသည်။
ဘုရားရှင်၏ နောက်မှပါလာသော ရဟန်းတော်များထဲတွင် အများစုမှာ ရဟန္တာများ ဖြစ်ကြ၍ မတုန်လှုပ်ကြသော်လည်း အရှင်အာနန္ဒာမှာမူ သောတာပန် (သေက္ခ) ပုဂ္ဂိုလ်မျှသာ ဖြစ်၍ ရှက်ကြောက်ပြီး၊ စိတ်ပျက်လက်ပျက်ဖြင့် စိတ်မထိန်းနိုင် တုန်လှုပ်ကြရသည်။ မြို့ပြင်ရောက်လျှင်ရောက်ချင်း မအောင့်နိုင်တော့ဘဲ၊ အရှင်အာနန္ဒာသည် မြတ်စွာဘုရားအား “အရှင်ဘုရား တပည့်တော်တို့အားလုံး ဤကောသမ္ဗီပြည်မှ ထွက်သွားကြပါစို့ဘုရား။ ဤမျှယုတ်မာ ကြမ်းတမ်းစွာ ဆဲဆိုပုတ်ခတ်နေသော တိုင်းပြည်မှာ မနေလျှင် ပို၍ကောင်းပါသည်ဘုရား။” ဟု လျှောက်ထားလေတော့သည်။
“အာနန္ဒာ ဒါဆို ဘယ်တိုင်းပြည်ကို သွားကြမလဲ” ဟု မြတ်စွာဘုရားက ပြန်လည် မေးမြန်းသောအခါ “ရာဇဂြိုဟ်မြို့သို့ သွားကြပါမည်ဘုရား။” ဟု လျှောက်ထား၏။ “အကယ်၍ ရာဇဂြိုဟ်မြို့သူမြို့သားတွေကလည်း အလားတူ ဆဲရေးပုတ်ခတ်ကြလျှင် အဘယ်အရပ်သို့ သွားမည်နည်း။” ဟုမေးပြန်ရာ “ဗာရာဏသီမြို့သို့သွားပါမည်။” ဟု လျှောက်ထားလေသည်။ ဗာရာဏသီက ဆဲဆိုလျှင် ဝေသာလီပြည်ကို၊ ဝေသာလီက ဆဲဆိုလျှင် သာဝတ္ထိကို၊ သာဝတ္ထိက ဆဲဆိုလျှင် ကပိလ၀တ်ကို သွားပါမည် စသည်ဖြင့် အရှင်အာနန္ဒာသည် ဇမ္ဗူဒိပ် တစ်ကျွန်းလုံး လှည့်ပြေးဖို့ လျှောက်ထားလေသည်။
ထိုအခါ မြတ်စွာဘုရားရှင်က “ချစ်သား အာနန္ဒာ၊ ပြဿနာတစ်ခု ဖြစ်ပေါ်လာလျှင် ဤသို့လှည့်ပတ် ရှောင်ပြေးနေရုံဖြင့် ပြေလည်သွားမည်မဟုတ်။ ရှောင်ပြေးခြင်းသည်လည်း ပြဿနာ ပြေလည်အောင် ဖြေရှင်းနည်း မဟုတ်ချေ။ ငါဘုရားသည် ခေါင်းဆောင်ပီသစွာ ရှေ့မှနေ၍ မားမားရပ်ကာ ကြံ့ကြံ့ခံကာ ရင်ဆိုင်ဖြေရှင်းမည်။ စစ်မြေပြင်၌ ဆင်ပြောင်ကြီးသည် ဓါး၊ လှံ၊ လေး၊ မြား စသော လက်နက်ပေါင်းစုံ ထိုးနှက်မှုဒဏ်ကို မတွန့်မဆုတ် ကြံ့ကြံ့ခံသကဲ့သို့ ကောသမ္ဗီပြည်သားများ၏ ဆဲရေး ရှုတ်ချ ကဲ့ရဲ့မှု ခြိမ်းခြောက်မှုတို့ကို ရှေ့တန်းမှနေလျက် သည်းခံတော်မူမည်။” ဟု မိန့်တော်မူ၍ နေ့စဉ် အချိန်မှန်မှန် ဣနြေ္ဒမပျက် ဆွမ်းခ့ကြွတော်မူသည်။
ဆဲရေးခြိမ်းခြောက်သူများသည် မြို့အ၀င်မသညှ် မြို့အထွက်အထိ လိုက်လံနှောက်ယှက် ဆဲရေး ခြိမ်းခြောက်ကြရာ ကာလကြာသော် ၄င်းတို့၏ စကားလုံးများမှာ အပ်ကြောင်းထပ်ကာ ရိုးလာသည်။ ဆဲရေးသူရော၊ ကြားရသူများအဖို့ပါ မထူးဆန်းသလို ဖြစ်လာသည်။ အသစ်အဆန်းထွင်ကာ ဆဲရေးခြိမ်းခြောက်ဖို့ စကားလုံးများလည်း ကုန်သလောက် ဖြစ်လာ၍ ဆဲသူများကိုယ်တိုင်လည်း စိတ်သိပ်မပါတော့ချေ။ ဘုရားနှင့် ရဟန်းတော်များကလည်း သူတို့၏ ဆရြေးခြိမ်းခြောက်မှုကို တုန်လှုပ်ပုံ မရသောကြောင့် ဆဲရေးသူများလည်း စိတ်ကုန်လာကာ အားလျှော့လာတော့သည်။
တစ်စုံတစ်ရာမျှ ပြန်မပြောဘဲ နေ့စဉ် ဆွမ်းခံကြွနေသော ဘုရားရှင်နှင့် ရဟန်းတော်များကို ဘေးမှကြည့်နေသော ပရိဿတ်က စိတ်ညွှတ်လာသည်။ ကြာလာလျှင် ဘေးမှ ပွဲကြည့်ပရိဿတ်က အခြောက်တိုက် အကြောင်းမဲ့ ဆဲရေးနေသူများကို ၀ိုင်းရိုက်တော့မည် အခြေအနေမျိုးဖြစ်လာတော့သည်။ နောက်ဆုံး (၇)ရက်လွန်မြောက် (ဂ)ရက်မြောက်နေ့ ရောက်လာသောအခါ ဘုရားရှင်ကို ကြည်ညို ကိုးကွယ်သူ ပရိဿတ်ကြီးက ၀န်းရံနေသဖြင့် ဆဲရေး ခြိမ်းချောက်သူများ ခေါင်းမပြူရဲတော့ချေ။ ဘုရားရှင်နှင့် ရဟန်းတော်များကို အကြည်ညိုကင်းမဲ့အောင်၊ ဆွမ်းလောင်းမည့်သူ မရှိအောင်၊ လာဘ်လာဘ ဆုတ်ယုတ်အောင်၊ အရှက်ရအောင် ပြုလုပ်ပင် ပြုလုပ်ငြါးလည်း အရာမထင်ခဲ့ပေ။ ဘုရားရှင်နှင့် ရဟန်းတော်များသည် လောကဓံတရား၏ ဒဏ်ကို မတုန်လှုပ်ဘဲ ကျော်လွှားနိုင်ခဲ့ကြသည်။
ဤကား အဆိုးလောကဓံတရားကို မြတ်စွာဘုရားရှင်နှင့် ရဟန်းတော်များ ကြံ့ကြံ့ခံခဲ့ပုံ သာဓက ဖြစ်ပါသည်။ ဤဇာတ်တော်လာ သာဓကကို အကြောင်းပြုပြီး၊ “ချီးမွမ်း(ရ)ရက် ကဲ့ရဲ့(၇)ရက်” ဟု လောကလူသားတို့ မှတ်သားစရာ စကားပုံအဖြစ် မှတ်တမ်းတင်ခဲ့ကြခြင်း ဖြစ်ပါသည်။
“နတ္ထိလောကေ အနိန္ဒိတော”
အကဲ့အရဲ့လွတ်သောသူမည်သည် လောကမှာမရှိ။ ဘုရားရင်ကိုယ်တောင်တိုင်မှ အကဲ့ရဲ့ မလွတ်၊ လောကဓံမှ မလွတ်နိုင်သေးလျှင် သာမာန် ပုဂ္ဂိုလ်များဖြစ်ကြသော မိမိတို့ လောက လူသားများအတွက်မူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပါအံ့နည်း။
လောကလူသား ပုထုဇဉ်မျှသာ ဖြစ်ကြသော မိမိတို့မှာလည်း ဘုရား ရဟန္တာ အရှင်မြတိတို့၏ ကျင့်ထုံးကို အတုယူ၍ ကောင်းဆိုးနှစ်တန် လောကဓံနှင့် ကြုံတွေ့ကြရသည့်အခါ မမေ့မလျှော့ မပေါ့ဆသော သတိ၊ ပညာ တရားဖြင့် ဆင်ခြင်လျက် လောကဓံလှိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားနိုင်ကြပါစေ ဟု ဆန္ဒပြုလိုက်ရပါသည်။ ။
>>>Read more>>> >>

Friday, 11 November 2011

ပရိတ်အစွမ်းအံ့မခန်း

          တောင်တန်းသာသနာပြုဆရာတော် ဘုရားကြီး ဦဥတ္တမဿာ ရကိုသိကြတယ်နော်၊ ဆရာတော်ကြီးရဲ့ ပရိတ်ရည်အစွမ်း ကလည်းအံ့မခန်းပါပဲ၊ ဆရာတော်ကြီး သက်ရှိထင်ရှားရှိတုံးက ပရိတ်တရားပွဲတွေမှာ ပရိတ်ရည်တွေဆူပွတ်ပြီးကျလာတယ်ဆိုတာကြားဘူးကြမှာပေါ့။ ကျွန်တော်တို့ ငယ်ငယ်တုန်းက လူကြီးတွေပြောပြတာကြားဘူးပါတယ်။
ပရိတ်ရည် ကို အိမ်မှာထားပြီး လိုအပ်သလို သုံးနိုင်ပါတယ်၊ ရောဂါ တွေပျေက်တာကတော့ အံ့မခန်းပါပဲ။ ကင်ဆာ ရောဂါတောင်ပျေက်တယ်ဆိုပဲ။ သူငယ်ချင်းတို့ ရဲ့ အဖေ၊ အမေ တွေ မေးကြည့်ပေါ့။ အခု ကျွန်တော်ကတော့ ကိုယ်တွေ့ အကြောင်းလေး ပြောပြချင်လို့ပါ။ ကျွန်တော်က တယောက်ထဲ သူများနိုင်ငံမှာနေရတာဆိုတော့အစစ အရာရာ ဂရုစိုက်ရတာပေါ့၊ အလုပ်အကိုင်အဆင်ပြေဖို့၊ ကျန်းမာဖို့....စသည်ဖြင့်ပေါ့၊
ဆရာတော်ကြီး ရဲ့ ပုရိတ်(mp3)ကို ဟမ်းဖုန်းထဲမှာ ထည့်ထားတယ်။ မနက် အိပ်ယာ ထတာနဲ့ဘုရားစင် ပေါ်မှာ ၊ ပုရိတ်ရည် ဘူးကို အဖုန်းဖွင့်ပြီး အစအဆုံးဖွင့်တယ်၊ အလုပ်သွား ရင် ပုရိတ်ရည် ကို သောက်ပြီး အန္တရယ်ကင်းဖို့ ဆုတောင်းတယ်။ ပရိတ်ရည် ဘူးလျှော့သွားတဲ့ အခါ ရေသန့် ပြန်ပြီးဖြည့်ပေးရတာပေါ့။
ပထမဆုံး ကျွန်တော့ စက်ရုံက စာရေးမ ကောင်မလေးတယောက် မကျည်း သီးစားရင် နဲ့ တီဗွီ ကြည့်တာ၊ ရီစရာ တွေ့တော့ ရီလိုက်တာ မကျည်းသီးအစိက လည်ချောင်းမှာတစ် နေတယ်တဲ့၊ ၂ ရက် ၃ ရက် နေလဲ မပျောက်ဘူး၊ နေရထိုင်ရ ခက်လာတော့ ဆရာဝန်သွားပြတယ်၊ ဆရာဝန် က တော်ရုံ တန်ရုံပဲ စစ်ဆေးပြီး ဆေးပေး လိုက်တယ်၊မသက်သာဘူး။ နောက်ထပ် ၂ ရက် လောက်နေတော့ ဆေးရုံ ကို သွားပြတယ်တဲ့၊ ဆရာဝန်က လည်ချောင်းကို သေသေချာချာ စမ်းပြီး ဘာမှ မရှိပါဘူး၊ စိတ်ထင်လို့ပါဆိုပြီး၊ ဆေးပေးလိုက်တယ်တဲ့။ ဒါပေမဲ့ မသက်သာဘူး၊ ကောင်မလေး စိတ်ထဲ မှာတော့ အစိ က လည်ချေင်းမှာတစ်နေတယ် လို့ ပဲ ထင်နေတယ်တဲ့။ ဒါနဲ့ ပဲ ကျနော် လဲ အဲဒီ ကောင်မလေး ကို ပုရိတ်ရည် တိုက်ဖို့ စိတ်ကူးရသွားတယ်၊ အလုပ်က အပြန် ရေသန့် ဘူး အသစ် တဗူးဝယ်တယ်၊ အိမ်ရောက်တော့ ရေသန့်ဗူးအသစ် ထဲ က အရည် နဲနဲ ကို ထုတ်ပြီး၊ ကျွန်တော် မှာ ရှိတဲ့ပုရိတ်ရည် နဲ့ ထပ်ဖြည့်တယ်။ ပြီးတော့ ဘုရားစင် ရှေ့မှာ ရေဗူးအဖုန်းဖွင့်ပြီး ဆရာတော်ကြီး ပရိတ်ကို ဖွင့်တယ်။ နောက်နေ့ မနက် အလုပ်မသွားခင် တခါ ထပ်လုပ်တယ်။ စက်ရုံရောက်တော့ ကောင်မလေး ကို သေသေချာချာ ရှင်းပြတယ်၊ မနက် တခါ၊ ည ဘက်တခါ၊ ယုံယုံ ကြည်ကြည် နဲ့ ကိုယ် ပျော်ချင်တဲ့ ရောဂါ ကို ကို ပျေက်ပါစေ လို့ ဆုတောင်းပြီး သောက်ခိုင်းတယ်။ သူ ကလည်း ဗုဒ္ဒဘာသာ ဆိုတော့ ပြောရတာလွယ်ပါတယ်။ ၃ ရက်လောက်နေတော့ အစိ က လည်ချေင်းထဲ မှာ ရှိနေတယ် လို့ မခံစားရတော့ဘူးတဲ့။
နောက်ထပ် ယောက် ကတော့ လွန်ခဲ့ တဲ့ တနှစ် လောက် က ဗိုက်ခွဲထားတာ၊ အခုတလော ချုပ်ရိုး က နာနာ နေတယ် တဲ့ လေ၊ အထဲမှာ ဘာများဖြစ်နေလဲ စိုးရိမ်နေတာပေါ့။ စာရေးမကောင်မလေးက ပုရိတ်ရည် အကြောင်းပြောပြတော့၊ သူက လိုချင်တယ်ဆိုတော့ ပေးလိုက်တာ၊ ၃ ရက် လောက် ပဲ သောက်လိုက်တယ် မနာတော့ ဘူးတဲ့။ နောက်ထပ် ကောင်လေးတယောက်ကတော့ အစာအိမ်မှာ အနာ ပေါက်တာ တဲ့၊ ဘာမှ မစားနိုင်ဘူး၊ စားလို့ လဲ မရဘူး။ပြန်ပြန် ပြီး အန်တယ်တဲ့။ ဆေးရုံ လည်း ခဏခဏ သွားပြတယ်၊ ဒီမှာတော့ ကျန်းမာရေး အာမခံ ရှိတော့ အချိန်မရွေး အလွယ် တကူ သွားနိုင်တာပေါ့၊ ဒါပေမဲ့ မသက်သာ ဘူး၊ သောက်လိုက်ရတဲ့ ဆေးတွေ ကလည်း မနဲတော့ဘူး။ လူလည်း အတော် လေး ပိန်ချုံး နေပြီ။ သူ့ မိန်းမ က ကျွန်တော့် ဌာန မှာ လုပ်တာ ဆိုတော့ သူ့ မိန်းမ လည်း ခဏခဏ အလုပ်တွေ ပျက် ရင်း နဲ့မှ အကျိုးအကြောင်းသိရတာ။ ကောင်လေးက ခွင့်ရက်ရည် ယူထားရတယ်။ သူ့ မိန်းမက ပြောတယ်၊ မသက်သာရင်တော့ ဇာတိ ရပ်ရွာပဲ ပြန်တော့မယ်တဲ့။ ဒီမှာတော့ အခန်းဌားနေခ နဲ့ အလုပ် ခဏခဏ ပျက် ရင် မလွယ်တော့ဘူးတဲ့။ ဒီနေရာမှာလည်း ဆရာတော်ကြီး ပုရိတ်ရည်က အံ့မခန်းပါပဲ။ ကျွန်တော် ပရိတ်ရည် ပေးပြီး တပတ်လောက်မှာ အစားစားနိုင်လာတယ် တဲ့။ နောက် ၂ ပတ် လောက်နေတော့ အလုပ်ပြန်ဆင်းနိုင်ပြီ တဲ့ ဗျာ။ နောက်ရှိသေးတယ်....စာရှည်မှာစိုးလို့။
ဆိုလိုချင်တာကတော့ ယုံယုံကြည်ကြည် နဲ့ တကယ် သုံးတတ်ရင် ဆရာတော် ကြီးရဲ့ ပုရိတ်ရည် ဟာ အံ့မခန်းအစွမ်းထက်ပါတယ်။ သူငယ်ချင်းတို့ လဲ ဓမ္မ ၀က်ဆိုက် တခုခု ကနေ ဆရာတော်ကြီး ရွတ်တဲ့ ပရိတ်ကို ဒေါင်းလုဒ် လုပ်ပြီး နေ့စဉ် ဖွင့်ပြီးကြည်ညို သဒ္ဒါပွား ကြမယ် ဆိုရင်ဖြင့်...........
>>>Read more>>> >>
သာမညဖလသုတ္တန် အနှစ်ချုပ်

ဘုရားရှင်သည် ရာဇဂြိုလ်မြို့၏ အရှေ့ဖက် ဂိဇ္ဈကုဋ်တောင်ခြေတွင် ရှိနေသော ဇီဝကဆေးဆရာ၏ သရက်ဥယျာဉ် တွင် နောက်ပါရဟန်းပေါင်း( ၁၂၅၀) ဖြင့်  သီတင်းသုံးနေစဉ် ဘုရင်အဇာတသတ် ရောက်လာကာ ရဟန်းဘ၀၏ ပစ္စုပ္ပန်ခံစားခွင့် များကို မေးလျောက်ခဲ့သည်။
မြတ်စွာဘုရား သာသနာ့ဘောင်မှာ နေသူတယောက်အတွက် ယခုဘ၀မှာဘယ်လို အကျိုးတွေ ရနိုင်ပါသလဲဘုရား ….
ဒီမေးခွန်းကို ဘယ်သူတွေကို မေးခဲ့သေးသလဲ…
တိတ္ထိဆရာကြီး (၆) ယောက်ကို မေးခဲ့ပါတယ်ဘုရား …
သူတို့ ဘယ်လို ဖြေခဲ့သလဲ ဆိုတာ တင်လျောက်ပါအုံး …..

အရှင်ဘုရား ပုရာဏကဿပ ပြောပုံကား .. လူတယောက်သည် ငါးပါးသီလ ချိုးဖောက်သော်လည်း အကုသိုလ်မမည်၊ အပြစ်မဖြစ် ပါ၊  သတ္တ၀ါအားလုံးကို စွမ်းနိုင်လျင် အကုန်လုံးသတ်ကာ အသားစုပုံကြီးဖြစ်အောင် လုပ်သော်လည်း ပါဏာတိပါတကံမမြောက်ပါ၊ အလှူဒါနပြုခြင်း၊ သီလဆောက်တည်ခြင်းကြောင့်လည်း ကုသိုလ်ကောင်းမှုမဖြစ်ပါ၊ ကုသိုလ် အကျိုး၊ အကုသိုလ်အကျိုး ကို ဘယ်သောအခါမှ ခံစားရမှာမဟုတ် …ဟု ပြောဆိုကာ သူ၏ အကိရိယ၀ါဒ ကိုသာ ဖြေကြား ခဲ့ပါသည်၊ သရက်သီး ဘယ်မှာလဲ ဟုမေးရာတွင် ဟိုမှာ ပိန္နဲသီးရှိတယ် ဆိုသကဲ့သို့ သူပြောချင်ရာ ဖြေချင်ရာကိုသာ ဖြေကြားပါသည်ဘုရား ဟု လျောက်ထားခဲ့သည်။
ဤသို့ဖြင့် အခြားသော တိတ္ထိဆရာကြီးများ၏ နတ္ထိက၀ါဒ၊ အဟေတုက၀ါဒ၊ ဥစ္ဆေဒ၀ါဒ များကိုလျောက်ထားခဲ့သေးသည်၊ နောင်မှ ထိုဝါဒများအကြောင်းကို အလျင်းသင့်လျင်ရေးပါမည်။

မင်းမြတ်. သူတို့အဖြေတွေကို ထားလိုက်ပါတော့ … သင့်ကိုပဲ ပြန်ပြီး မေးခွန်းထုတ်ရလိမ့်မယ်၊ သင့်ထံမှာ ခစားနေတဲ့ မင်းအကြိုက်ေ ဆာင်ကာ အမြဲတာဝန်ကျေပွန်သော မင်းခစား မင်းချင်းတစ်ယောက်ဟာ အော် ကုသိုလ်တွေက အံ့သြစရာ ကောင်းလိုက်တာ၊ လူချင်းအတူတူ ဖြစ်ပါလျက် ရှင်ဘုရင်ကတော့ ကာမဂုဏ်တွေကို စိတ်ကြိုက်ခံစားနေရတယ်၊ ငါကတော့ သူ့အတွက် ကျွန်ဖြစ်နေတယ်၊ ငါ့ဘ၀မြင့်မြတ်ဖို့ သာသနာ့ဘောင်ဝင်ရရင်ကောင်းမယ် လို့ တွေးပြီး  သံဝေဂရလို့ သာသနာ့ဘောင် ၀င်သွားခဲ့ရင် သူ့ကို အပြစ်ပေးမှာလား သတ်မှာလား ဒကာတော် …

အပြစ်မယူပါဘူးဘုရား၊ တကယ်တော့ တပည့်တော်ကတောင် လက်အုပ်ချီကာ ရှိခိုး၊ အရိုအသေပေးပြီး ပစ္စည်းလေးပါး ဒကာအဖြစ် ထောက်ပံ့ရအုံးမှာပါ …
မင်းမြတ်.. ဒါဆိုရင်  ရဟန်းဘ၀ရဲ့ မျက်မှောက်အကျိုး ခံစားခွင့်ဆိုတာကို လက်ခံပြီ မဟုတ်လား …
အဲဒါ ပထမဦးဆုံး အကျိုးပဲ ရှိသေးတယ်။
နောက်တဖန် သင်မင်းကြီးရဲ့ နောက်လိုက်တွေ ဖြစ်တဲ့  လယ်သမားတွေ၊ ကုန်သည်သူကြွယ်တွေ ၊ တနေ့လုပ် တနေ့စားရ သော ဆင်းရဲသားတွေဟာလဲ လူ့ဘ၀မှာနေစဉ်က သင်မင်းမြတ်ထက် အဆင့်အတန်းနိမ့်ကျသော်လည်း သာသနာ့ ဘောင်ဝင်ရောက်ခဲ့ရင် သူတို့ဘ၀ဟာလဲ မြင့်မြတ်သွားတာပဲ မဟုတ်လား …ဒါဟာလဲ ဒုတိယ ခံစားခွင့်အကျိုးတွေပါပဲ …

ထိုရဟန်းဟာ သာသနာ့ဘောင်မှာ နေစဉ်အတွင်း ငါဘုရားရဲ့ တရားတော်တွေကို ယုံကြည်သောကြောင့် စူဠသီလ၊ မဇ္ဈိမသီလ၊ မဟာသီလစသော သီလတွေကို လုံလုံခြုံခြုံ စောင့်စည်းတယ်၊ ဣနြေ္ဒတို့ကို စောင့်စည်းရင်း၊ သတိ သမ္ပဇဉ် မပြတ် ထားရင်း၊ ပစ္စည်းလေးပါးကို ရသမျှဖြင့် တင်းတိမ်ရောင့်ရဲခြင်းဖြင့် ဓုတင်အကျင့်များကို ကျင့်ကြံရင်း နီဝရဏတရား တွေ ကင်းကွာကာ ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်အားဖြင့် အဆင့်ဆင့် ရရှိသွားနိုင်တယ်။

နောက်ပိုင်းမှာ သမာပတ် ရှစ်ပါး၊ အဘိဥာဉ် (၆)ပါးတို့ကိုပါ ပွားများရရှိလာပြီး အရဟတ္တမဂ်-ဖိုလ်ကို မျက်မှောက်ပြုကာ ရဟန္တာဖြစ်နိုင်ဖို့ အခွင့်အရေးလဲ ရှိနိုင်တယ်၊ ကိုယ်တိုင်ကျင့်ကြံလျင် ကိုယ်တိုင် ခံစားခွင့်ရှိတယ်၊ ဒီထက် သာလွန်တဲ့ ခံစားခွင့်တော့ မရှိတော့ဘူး၊ ဒီအကျိုးကျေးဇူးခံစားခွင့်ဟာ ငါဘုရားရှင်ရဲ့ သာသနာတော်မှာ အမြင့်မြတ်ဆုံး အသာလွန်ဆုံး အခွင့်အရေးပဲ မင်းမြတ် … ဟု မိန့်တော်မူကာ သုတ္တန်ကို နိဂုံးချုပ်တော်မူသည်။ တရားတော်အဆုံး၌ သရဏဂုံတည်သော ဥပါသကာအဖြစ် ခံယူခဲ့သည်။ ( တိတ္ထိဆရာကြီးများ၏ ၀ါဒမျိုးစုံနှင့် သမာပတ်ရှစ်ပါး၊ အဘိဥာဉ်ခြောက်ပါး ကျင့်စဉ်များကို ပို့စ်ရှည်မည် စိုးသောကြောင့် အကျဉ်းချုပ်ထားပါသည် )


အထက်ပါပုံဟာ တန်ဆောင်မုန်းလပြည့်နေ့ညဦးပိုင်းတွင် တရားနာလိုသောကြောင့်  နောက်ပါအခြွေအရံများနှင့်တကွ မီးတုတ်များ ကိုယ်စီကိုင်ကာ ဘုရားရှင်ထံ လာကြသောဘုရင် အဇာတသတ်နှင့် ဆရာဇီဝကတို့ ရှုခင်းသရုပ်ဖော် ဓာတ်ပုံပါ။  သံဃာ ၁၂၅၀ အင်အားရဲ့ တိတ်ဆိတ်မှုကို ဘုရင်အဇာတသတ် ကြက်သီးမွေးညှင်းများ ထလောက်အောင် တုန်လှုပ်ခဲ့ပါသတဲ့ 
 ယနေ့ခေတ်တွင်တွေ့မြင်ရသော သာမညဖလသုတ္တန်ဟောကြားခဲ့ရာ ဇီဝက၏ သရက်ဥယျာဉ်ပါ


အာဏာမက်သော သားတစ်ယောက်က ထောင်သွင်း အကျဉ်းချထားသော်လည်း သောတာပန်တယောက်ရဲ့ ဓမ္မပီတိကိုတော့ အရှုံးပေးခဲ့ရတယ်၊ 
စင်္ကြလျောက်ကာ မြန်မြန်မသေနိုင်သော ခမည်းတော်ကြီးအား စင်္ကြံမလျောက်နိုင်အောင် ခြေဖ၀ါးကို ဓားဖြင့်ခွဲစေသော အဖြစ် အပျက်ကား တကယ့်ဖြစ်ရပ် ဟုပင် ထင်စရာမရှိပါပေ၊ လောဘ များရင် မမှားသင့်တဲ့ အမှားတွေကို ကျူးလွန်တတ်တဲ့ လူ့စိတ်သဘာဝကို သံဝေဂရစေသော မြင်ကွင်းများပါ ...

ရာဇဂြိုလ်၏ နောက်ခံပုံရိပ်များ

ရာဇဂြိုလ်မြို့သည် သမိုင်းကြောင်း ကောင်းခဲ့သောမြို့ဟု ဆိုရပါမည်၊ ယင်းမြို့သည် ဂေါတမဘုရားရှင်လက်ထက်တွင် မဂဓတိုင်း၊ ကဿပဘုရားရှင်လက်ထက်တွင် သုပ္ပိယတိုင်း၊ ကောဏာဂုံဘုရားလက်ထက်တွင် ရောဟိတတိုင်း၊ ကကုသန် ဘုရားလက်ထက် တွင် ပါစိန၀ံသတိုင်းဟူ ၍ ဘုရားလေးဆူတိုင်တိုင် ထင်ရှားခဲ့သော နေရာဖြစ်သည်။

ဂိဇ္ဈကုဋ်တောင်၊ ဝေပုလ္လတောင်၊ ဝေဘာရတောင်၊ ပဏ္ဍ၀တောင်၊ ဣသိဂိလိတောင်ဟူသော တောင်ငါးလုံးတို့သည် ရာဇဂြိုလ်မြို့၏ ပတ်ပတ်လည်တွင် သဘာဝအတိုင်း ကာရံထားသလို ဖြစ်နေခြင်းကြောင့် ဒယ်အိုးပုံသဏ္ဍာန်ဖြင့် တောင်ငါး လုံး ကာခို မြို့ရာဇဂြိုလ် ဟူ၍၄င်း၊ တောင်ခံတပ်မြို့ ဂိရိဗ္ဗဇ ဟူ၍၄င်း၊ ၀သုမတီမြို့တော်၊ ရာဇဂဟ၊ ရာဇဂိရိ ဟူသော နာမည်များလည်း အစဉ်အတိုင်း   ခေတ်အဆက်ဆက် ထင်ရှားခဲ့ပြန်သည်။

သမိုင်းအထောက်အထားများအရ ယနေ့ခေတ်တွင်ရာဇဂြိုလ်မြို့ဟောင်း၊ မြို့သစ်ဟူ၍ နှစ်နေရာ ရှိရာ မြို့ဟောင်း နေရာ သည် တောင်ငါးလုံး ကြားထဲတွင် တည်ရှိခဲ့သည်၊  ဖခင်ကို သတ်ပြီးသော အဇာတသတ်သည် သံဝေဂကြီးစွာ ရရှိပြီး မြို့ဟောင်းနေရာတွင် မနေလိုပဲ  မြို့သစ် နန်းသစ်တည်ထောင်ကာ စိတ်သစ် လူသစ်အဖြစ် ပြန်လည် သစ်ဆန်းလိုခြင်း   ဖြစ်ဟန် တူသည်။
ထို့ကြောင့် မြို့ဟောင်းနှင့် အတန်ငယ်ဝေးကွာသော ဝေဠုဝန်ကျောင်းတော်နှင့် မလှမ်းမကမ်းတွင် နန်းတော်ရာသစ်ကို တည်ဆောက်ကာ ထီးနန်းစိုးစံခဲ့သည်၊ ရာဇဂြိုလ်မြို့အကြောင်းကား ဘုရားဟောပါဠိတော် စာပေများတွင် အဖြစ်အပျက် များ ပြောမကုန်အောင် ရှိခဲ့သည်၊ သာသနာထွန်းကားခဲ့သောကြောင့်ပင် မြို့အနီးဝန်းကျင်တွင် ကျောင်းပေါင်း ( ၁၈ ) ကျောင်းတိတိ ရှိခဲ့၏၊

ရာဇဂြိုလ်မြို့၏ အရှေ့ဖက်တွင် ဂိဇ္ဈကုဋ်တောင် ရှိပြီး ထိုတောင်ခြေတွင် သာမညဖလသုတ္တန် ဟောကြားခဲ့ရာ ဇီဝက သရက်ဥယျာဉ် ရှိနေသည်၊ မြို့ကို တံတိုင်းနှစ်ထပ် ကာရံထားပြီး တံခါးကြီး ၃၂ ပေါက်၊ တံခါးငယ် ၆၂ ပေါက်ရှိခဲ့သည် ဟု သမိုင်းများက ဆိုသည်။ ဘုရားလက်ထက်တော်အခါက စီးပွားရေး၊ ဘာသာရေး အထူးကောင်းမွန်ခဲ့သော မြို့အဖြစ် ထင်ရှားခဲ့သည်။
ယနေ့ခေတ် မြေပုံအရ ရာဇဂြိုလ် မြို့တော်သည် အိန္ဒိယနိုင်ငံ၊ ဗီဟာ Bihar ပြည်နယ်၊ ပတ္တနား Patna မြို့မှ အရှေ့တောင် ဖက် (၉၀) ကီလိုမီတာအကွာ၊ ဗီဟာရှရစ် Biharshrif မြို့၏ အနောက်တောင်ဖက် (၂၁)ကီလိုမီတာ ဝေးသောအရပ်တွင် မြို့ဟောင်းရုပ်ကြွင်းများ တည်ရှိနေဆဲဖြစ်ပါသည်။

ဗိမ္ဗိသာရမင်း၊ အဇာတသတ်မင်း မျိုးဆက်များ

သောတာပန် ဘုရင်ဗိမ္ဗိသာရမင်းကြီးသည် သေနိယမျိုးနွယ်မှ ဆင်းသက်လာသည်ဟု ဗုဒ္ဓစာပေများတွင် လာရှိပြီး သူ၏ခမည်းတော် ဘဒ္ဒိယမင်းကြီးနှင့် ဘုရားအလောင်း သိဒ္ဓတ္ထ၏ ခမည်းတော် သုဒ္ဓေါဒန မင်းကြီးတို့သည် အလွန်ခင် မင်ရင်းနှီးသော သူငယ်ချင်းများ မိတ်ဆွေများဖြစ်သည် ဟူ၏၊
ဘုရားရှင်နှင့် ဗိမ္ဗိသာရဘုရင်သည် မမြင်ဖူးကြသော်လည်း ဘုရားမဖြစ်ခင်ကပင် ကြည်ညိုရင်းစွဲ ရှိသည့်အတိုင်း ဘုရားဖြစ်ခဲ့လျင် မိမိနိုင်ငံသို့ ရှေးဦးစွာ ကြွရောက် ချီးမြှောက်ပါရန် ကတိတောင်းခံခဲ့သည်အထိ သံယောဇဉ်ရှိကြ ဟန် တူသည်၊ ဘုရင်ကြီးသည် ဘုရားရှင်ထက် အသက်ငါးနှစ် ငယ်သည် ဟု သိရ၏။

ဗိမ္ဗိသာရမင်းသည် မိဖုရားများစွာ ရှိသည့်အနက် ကောသလတိုင်း ပသေနဒီကောသလမင်းကြီး၏ နှမ ဝေဒေဟီ မိဖုရားမှ အဇာတသတ်ကိုမွေးသည်၊ ထို့နောက် ၀ဇ္ဇီတိုင်း လိစ္ဆ၀ီမင်း၏သမီး ဆေလ္လနမိဖုရား၊ မဒ္ဒတိုင်းသာဂလမင်း၏ သမီး ခေမာ မိဖုရား (နောင်တချိန်ရဟန္တာဖြစ် ) အဘယမာတာမိဖုရား၊ ဥဒုမ္ဗရိကာ မိဖုရားအားဖြင့် မှတ်တမ်းများအရ ငါးယောက် ရှိခဲ့သည်။

အဇာတသတ်မင်းသား၏ ဖအေတူ ညီအကိုများဖြစ်ကြသော အဘယမင်းသား၊ ဥဒယဘဒ္ဒမင်းသား၊ ၀ိမလကောဏ္ဍ ညမင်းသား၊ သီလ၀မင်းသား တို့သည် အသက်ရန်ရှာမည် စိုးသောကြောင့် နောက်ပိုင်း ရဟန်းပြုကာ သာသနာ့ဘောင် ၀င်ရောက်သွားကြသည်။
ရှေးဟောင်းသုတေသနဋ္ဌာနသည် ရာဇဂြိုလ်မြို့နေရာဟောင်းကို ခရစ်နှစ် (1957-1958 )များတွင် တူးဖော်ကြည့်ခဲ့ သေးသည်၊ ဘုရားခေတ်က သပ္ပိနီမြစ်သည် ယခုအခါ ပဉ္စာနမြစ် နာမည်ဖြစ်နေပြီး ဘုရားအလောင်း ဆံတော်ပယ်ဖြတ်ရာ အနော်မာမြစ်ကို အာမီမြစ်ဟု ယနေ့ခေတ်တွင် ခေါ်ဝေါ်နေကြဆဲဖြစ်သည်။

ဝမ်းသာစရာကောင်းသည်ကား ထေရ၀ါဒဗုဒ္ဓဘာသာသည် ဘုရားရှင်လက်ထက်က အဖြစ်အပျက်များနှင့် ယနေ့ခေတ် အနေအထား များ၊ သမိုင်းအထောက်အထားများ၊ အကြွင်းအကျန်များဖြင့် သက်သေပြစရာအားလုံး ရှိနေခြင်းကြောင့် စိတ်ကူးဖြင့် ဖန်တီးကာ လိုက်နာကျင့်သုံးရသော magic ဆန်ဆန် ဘာသာရေးတခု မဟုတ်ဘူး ဆိုတာ ထင်ရှားနေသည်။
တနှစ်တခါ ကြုံခွင့်ရသော ကြယ်တာရာနက္ခတ်များ စုံလင်သော နေ့ထူးနေ့မြတ် တန်ဆောင်မုန်းလပြည့်မှာ သာမညဖလ သုတ္တန်ကို ဟောကြားခဲ့ သောကြောင့် သာမညဖလအခါတော်နေ့ ဟု သမုတ်ခဲ့သည်ကို တွေးဆကြည်ညိုကာ တင်ပြလိုက်ရပါသည်။
>>>Read more>>> >>

Wednesday, 9 November 2011

အဆွေခင်ပွန်းကောင်း ဟူသည်


တနေ့သ၌ ဗုဒ္ဓဘုရားရှင်သည် ရဟန်းတို့အား ပေါင်းဖော်အပ်သော အဆွေခင်ပွန်းကောင်းအကြောင်း
ဤသို့ ရှင်းပြ မိန့်တော်မူသည်

ရဟန်းတို့ အင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းကောင်းကို ပေါင်းဖော်အပ်၏။
ထိုအင်္ဂါ ခုနစ်ပါးကား-
၁။ သူတပါးကို ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏။
၂။ ပြုနိုင်ခဲသော အမှုကိုလည်း ပြု၏။
၃။ မကောင်းဆိုသော စကားတို့ကို၎င်း၊ သည်းခံနိုင်ခဲသော အရာတို့ကို၎င်း သည်းခံ၏။
၎။ အဆွေခင်ပွန်းအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏။
၅။ ထိုသူ၏ လျှို့ဝှက်အပ်သော အရာကိုလည်း လျှို့ဝှက်၏။
၆။ ဘေးရန်ဖြစ်ပေါ်သောအခါတို့၌လည်း မစွန့်ပစ်။
၇။ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။

အဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဤအင်္ဂါခုနစ်ပါးနှင့် ပြည့်စုံသော အဆွေခင်ပွန်းမျိုးကို ပေါင်းဖော်အပ်၏။
>>>Read more>>> >>

ပျင်းရိခြင်း နှင့် မပျင်းရိခြင်း


ဗုဒ္ဓဘုရားရှင်သည် လူအများ ကျင့်သုံးလိုက်နာရန် အဆုံးအမပေါင်းများစွာကို ဟောကြားတော်မူခဲ့သည်။ ယင်းတို့တွင် ပျင်းရိခြင်းနှင့် ပတ်သက်၍ ဟောကြားသည်မှာ အထူးသတိပြု ဆင်ခြင်ဖွယ်ရာ ဖြစ်သည်။

ဗုဒ္ဓဘုရားရှင်က ပျင်းရိခြင်းနှင့် ပတ်သက်၍
(၁) ပျင်းရိ၍ အားမထုတ်ဘဲနေသောသူ။
(၂) မပျင်းရိဘဲ အားထုတ်၍နေသောသူဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားပြသည်။
ထိုသို့ ခွဲခြားပြီးလျှင် အကျိုးအပြစ်များကိုလည်း ဖွင့်ဆိုပြသည်။

မြတ်စွာဘုရား လက်ထက်တော်အခါက မဟာဓနသူဌေးသားနဲ့ ဇနီးမယားတို့ ရှိကြသည်။ သူတို့သည် မိဘတို့၏ အမွေအနှစ်များကို ရ၍ ကြွယ်ဝချမ်းသာကြသော်လည်း အားထုတ်ခြင်းမရှိ၊ ပျင်းရိသောကြောင့် စီးပွားများပျက်၍ သူတောင်းစားဘ၀သို့ ရောက်ခဲ့ကြရသည်။

တနေ့သောအခါ ဆွမ်းစားဇရပ်တခုတွင် မြတ်စွာဘုရားသည် သံဃာတော်များနဲ့အတူ ဆွမ်းစားနေတော်မူ၏။ ထိုစဉ် တံခါးဝ၌ ခွက်လက်စွဲကာ ရပ်နေသော ထိုသူဌေးသား လင်မယားကိုမြင်၍ ပြုံးတော်မူ၏။ ပြုံးတော်မူရခြင်းအကြောင်းကို အရှင်အာနန္ဒာ မေးမြန်းလျှောက်ထားသောအခါ ဘုရားရှင်က-ငါသည် သူဌေးသားကိုမြင်၍ ပြုံးရသည်။ ဤသူဌေးသားနှင့် ဇနီးမယားတို့သည် လောကနှင့် ဓမ္မ နှစ်ဌာနတို့၌ ပျင်းရိ၍ အားထုတ်မှုမရှိသောကြောင့် လောကချမ်းသာ၊ ဓမ္မချမ်းသာ နှစ်မျိုးလုံးတို့မှ ဆုတ်ယုတ်သွားရလေပြီ-ဟု မိန့်ကြားတော်မူ၏။

ဘုရားရှင်က ဆက်လက်၍ ဤသူဌေးသားနှင့် ဇနီးမယားတို့သည် လောကဘက်၌ ပထမအရွယ်တွင် စီးပွားဥစ္စာ ရှာကြသော် ပထမတန်းစား သူဌေးများ ဖြစ်နိုင်ကြသည်။
ဓမ္မဘက်က တရားအားထုတ်ကြလျှင် သူဌေးသားက ရဟန္တာ၊ ဇနီးမယားက အနာဂါမ် ဖြစ်နိုင်ကြပေသည်-ဟု မိန့်တော်မူသည်။

ထို့နောက် ဘုရားရှင်က- ဤသူဌေးသားနှင့် ဇနီးမယားတို့သည် ဒုတိယအရွယ်တွင် စီးပွားဥစ္စာရှာကြသော် ဒုတိယတန်းစား သူဌေးများ ဖြစ်နိုင်ကြပေသည်။
ဓမ္မဘက်က တရားအားထုတ်ကြသော် သူဌေးသားက အနာဂါမ်၊ ဇနီးမယားက သကဒါဂါမ် ဖြစ်နိုင်ကြပေသည်။

အကယ်၍ တတိယအရွယ်တွင် စီးပွားဥစ္စာရှာကြသော် တတိယတန်းစား သူဌေးများ ဖြစ်နိုင်ကြပေသည်။
ဓမ္မဘက်က တရားအားထုတ်ကြလျှင်မူ သူဌေးသားက သကဒါဂါမ်၊ ဇနီးမယားက သောတာပန် ဖြစ်နိုင်ကြပေသည်။

ယခုမူ ပျင်းရိ၍ အားမထုတ်ခဲ့သောကြောင့် သူဌေးအဖြစ်မှလည်း ဆုတ်ယုတ်သွားကြပေပြီ။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ မဖြစ်ကြဘဲ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာတို့မှလည်း ဆုတ်ယုတ်သွားကြပေပြီ-ဟု မိန့်တော်မူသည်။
ဤမိန့်တော်မူချက်သည် ပျင်းရိခြင်း၏ အကျိုးနှင့်အပြစ်ကို ကောင်းစွာ သာဓကပြလျက်ရှိသည်။


လောကနီတိကျမ်းဆရာများကလည်း ပျင်းရိ၍ အားမထုတ်ဘဲနေသူတို့၏ ဆုတ်ယုတ်သွားပုံကို ရေးသားဖွင့်ပြကြသည်။
* ပျင်းရိသူသည် အတတ်ပညာ မတတ်၊
အတတ်ပညာ မရှိသူအား စီးပွားဥစ္စာ မရနိုင်၊
စီးပွားဥစ္စာ မရှိသူအား မိတ်ဆွေကောင်း မရနိုင်၊
မိတ်ဆွေကောင်း မရှိသူအား ချမ်းသာသုခ မရနိုင်၊
ချမ်းသာသုခ မရှိသူအား ကောင်းမှုမပြုနိုင်၊
ကောင်းမှုမရှိသောသူအား နိဗ္ဗာန်ချမ်းသာကို မရနိုင်-ဟူ၍ လောကဓမ္မ နှစ်ဌာနလုံး၌ ဆုတ်ယုတ်သွားပုံကို ဖွင့်ဆိုပြထားသည်။

>>>Read more>>> >>

ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏အကြောင်း


မြတ်ဗုဒ္ဓသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သံဃာ့အစည်းအဝေးတခု၌ သံဃာများသည်- ငါ့ရှင်တို့ ဤလောက၌ အဘယ်အရာသည် ချမ်းသာသနည်း-ဟု ဆွေးနွေးနေကြ၏။
အချို့က-တန်ခိုးကြီးသော မင်းအဖြစ်သည် ချမ်းသာ၏-ဟု ဆိုကုန်၏။
အချို့က-ကာမဂုဏ် စည်းစိမ်ဥစ္စာနှင့် ပြည့်စုံသောလူသည် ချမ်းသာသည်-ဟု ဆို၏။
အချို့က-အလိုရှိသမျှ အစားကောင်း အသောက်ကောင်း ပြည့်စုံခြင်းသည် ချမ်းသာသည်-ဟု ဆို၏။
ချမ်းသာခြင်း၏အကြောင်းကို စိတ်ကူးရသလို အမျိုးမျိုး ပြောနေကြစဉ် မြတ်ဗုဒ္ဓ ရောက်လာတော်မူရာ-
ရဟန်းတို့ သင်တို့ ထင်မြင်သော ချမ်းသာဟူသမျှသည် ၀ဋ်ဆင်းရဲ၌ အကျုံးဝင်၏။ ဤလောက၌ ဘုရားပွင့်တော်မူခြင်း၊ တရားတော်ကို ကြားနာရခြင်းနှင့် သံဃာအများ ညီညွတ်ခြင်း စသည်တို့သာ ချမ်းသာစစ် ချမ်းသာမှန် ဖြစ်သည်-ဟု အောက်ပါဂါထာကို ဟောကြားတော်မူသည်။

( ပါဠိဂါထာ )
သုခေါ ဗုဒ္ဓါန မုပ္ပါဒေါ ၊
သုခါ သဒ္ဓမ္မ ဒေသနာ ။
သုခါ သံဃဿ သာမဂ္ဂီ ၊
သမဂ္ဂါနံ တပေါ သုခေါ ။

( မြန်မာပြန် )
ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။
သူတော်ကောင်းတရားကို နာကြားနေရခြင်း (၀ါ) ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။
သံဃာများ၏ ညီညွတ်ခြင်းသည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။
စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏အကြောင်း ဖြစ်၏။

( လင်္ကာ )
ဘုရားရှင်တော်၊ များကျိုးမျှော်၍၊ ပွင့်ပေါ်ခြင်းမှာ၊ လွန်ချမ်းသာ၏။
ကြားနာသူပေါင်း၊ ကောင်းထက်ကောင်းအောင်၊ သူကောင်းအများ၊ တရားသဘော၊ ဟောပြောခြင်းမှာ၊ လွန်ချမ်းသာ၏။
သံဃာတော်များ၊ ယူမပြားဘဲ၊ စိတ်ထားမချွတ်၊ ညီညွတ်ခြင်းမှာ၊ လွန်ချမ်းသာ၏။
မကွာအယူ၊ ညီညွတ်သူတို့၊ စိတ်တူ ကိုယ်မျှ၊ ကျင့်ရခြင်းမှာ၊ လွန်ချမ်းသာ၏။


>>>Read more>>> >>

ဓမ္မပဒ ကျေးဇူး


ဓမ္မပဒဆိုသည်မှာ ပိဋကတ်သုံးပုံ၌ပါရှိသော ခုဒ္ဒကနိကာယ်လာ ပါဠိတော်ပင်ဖြစ်သည်။ ဗုဒ္ဓဘုရားရှင် အခါအားလျော်စွာ ဟောကြားတော်မူအပ်သော တရားတော်တို့မှ လိုရင်းအချက်များကို ဂါထာဖြင့် အကျဉ်းချုံး၍ သီကုံးဖော်ပြထားသော တရားတော်များ ဖြစ်သည်။

ဓမ္မပဒပါဠိတော်တွင် မဂ်တရား ဖိုလ်တရားတို့ဆိုင်ရာ တရားတော်များသာမက လူ့လောကီကျင့်စဉ်တရား များနှင့် သင်ခန်းစာများလည်း ပါဝင်သည်။ ယင်းတို့ကို ဥပမာ ဥပမေယျတို့ဖြင့် ဖော်ပြထားသည်။ ဂါထာပေါင်း ၄၂၃-ပုဒ် ပါဝင်သည်။

ဓမ္မပဒသည် တန်ဖိုးမဖြတ်နိုင်ပေ။ အသောကမင်းကြီးသည် နိဂြောဓသာမဏေ ရွတ်ဆိုဟောကြားသော အပ္ပမာဒေါ အမတံ ပဒံ-အစချီသည့် ဓမ္မပဒဂါထာကို ကြားနာရခြင်းကြောင့် ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည် လာခဲ့သည်။ ထင်ရှားသော သာသနာပြုဧကရာဇ် ဘုရင်တပါး ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ပုဂံအနော်ရထာမင်းသည် မွန်ရဟန္တာ ရှင်အရဟံ ရွတ်ဆိုဟောကြားသော အဆိုပါ အပ္ပမာဒေါ အမတံ ပဒံ-အစချီသည့် ဓမ္မပဒဂါထာကိုပင် ကြားနာရခြင်းကြောင့် အရည်းကြီးအယူကို စွန့်ခဲ့သည်။ ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ပြီးလျှင် သာသနာပြုခဲ့သည်။

ခရစ်ယာန်ဘာသာဝင်များအဖို့ သမ္မာကျမ်းစာသည် အထွတ်အမြတ်ဖြစ်သည်။
အစ္စလာမ်ဘာသာဝင်များအဖို့ ကိုရန်ကျမ်းစာသည် အထွတ်အမြတ်ဖြစ်သည်။
ဟိန္ဒူများအဖို့ ဝေဒကျမ်းများသည် အထွတ်အမြတ်ဖြစ်သည်။
ထို့အတူ ဗုဒ္ဓဘာသာဝင်များအဖို့ ဓမ္မပဒသည် အထွတ်အမြတ်ဖြစ်သည်။

ထို့ကြောင့် ဓမ္မပဒပါဠိတော်ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ သီဟိုဠ် (သီရိလင်္ကာ)ဘာသာ၊ ဟိန္ဒီဘာသာ၊ လက်တင်ဘာသာ၊ အီတလီဘာသာ စသည်တို့ဖြင့် ပြန်ဆိုကြသည်။

အီတာလျံလူမျိုး သိပ္ပံပညာရှင် ဆာဗာတိုရေစီအိုဖီ(၁၈၉၇-၁၉၆၆) သည် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသော ဓမ္မပဒစာအုပ်ကို ဖတ်မိခဲ့သည်။ ဓမ္မပဒတွင် ပါရှိသော-
စိတ်သည် ရုပ်တရား၊ နာမ်တရားတို့၏ ရှေ့ဆောင်ကြီးမှူး ဖန်တီးသူ ဖြစ်သည်။
အကြင်သူသည် မကောင်းယုတ်မာသောစိတ်ဖြင့် ပြောသော်၎င်း၊ ပြုသော်၎င်း၊ လှည်းဘီးသည် နွားခြေရာနောက်သို့ လိုက်သကဲ့သို့ ဆင်းရဲခြင်းသည် ထိုသူ၏နောက်သို့ ထက်ကြပ်မကွာ လိုက်လေ၏-ဟူသော အပိုဒ်ကို ဖတ်ရှုမိသည်။ ထိုသို့ ဖတ်ရှုမိရာမှ ဗုဒ္ဓအယူဝါဒကို စိတ်ဝင်စားကာ နှစ်သက်ယုံကြည်လာခဲ့သည်။ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ပြီးနောက် ဗုဒ္ဓဘာသာရဟန်းတော် ဖြစ်လာခဲ့သည်။ အီတာလျံ ဘုန်းတော်ကြီး ဦးလောကနာထအမည်ဖြင့် ထင်ရှားခဲ့သည်။ ကမ္ဘာတွင် ဗုဒ္ဓအယူဝါဒ ပြန့်ပွားရေးကို တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ဦးလောကနာထက ကျွန်ုပ်သည် ထိုဓမ္မပဒစာအုပ်ကို ၁၉၂၂-ခုနှစ်တွင် စတင်ဖတ်ရှုမိသည်။ ပထမဆုံး ဖတ်ရှုမိခြင်းဖြစ်သော်လည်း ကျွန်ုပ်၏စိတ်၌ အသစ်အဆန်းဟု မထင်မိ၊ နှစ်ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာက ရင်းနှီးမှုရှိခဲ့၍ ကွဲကွာနေခဲ့သော အဆွေခင်ပွန်းလို ဖြစ်သည့် စာအုပ်ဟောင်းကို ပြန်လည်ဖတ်ရှုရသည်ဟု ခံစားနေမိသည်။ ကျွန်ုပ်အဖို့ ထိုစာအုပ်ကို ဖတ်ရသည်မှာ အရသာအရှိဆုံး ဖြစ်နေပေသည်-ဟူ၍ ဆိုခဲ့ပေသည်။

အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင် ချားလ်(စ်)ဟင်နရီ အယ်လင်ဘင်းနက် (၁၈၇၂-၁၉၂၃) သည်လည်း ဗုဒ္ဓအယူဝါဒကို နှစ်သက်ယုံကြည်၍ ရဟန်းပြုခဲ့သည်။ အင်္ဂလိပ်ဘုန်းတော်ကြီး အရှင်အာနန္ဒာမေတ္တေယျ အမည်ဖြင့် ထင်ရှားခဲ့သည်။ သာသနာပြုခဲ့သည်။ အရှင်အာနန္ဒာမေတ္တေယျသည် ဤဓမ္မပဒကို အလွန်မြတ်နိုးသည်။ သူသည် -
မကောင်းမှုဟူသမျှ မပြုရာ၊
ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံစေရာ၏၊
မိမိ၏ စိတ်ကို ဖြူစင်စေရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတည်း-
ဟူသော ဓမ္မပဒလာ ဗုဒ္ဓ၏အဆုံးအမကို ဦးထိပ်ထားသည်။ ထိုအဆုံးအမသည် လူသားတို့အတွက်
ကျင့်စဉ်အချုပ်ဟု ခံယူသည်။

သူရေးသားခဲ့သော စာတမ်းတစောင်တွင် -ထိုအဆုံးအမအတိုင်း လူသားတို့သည် ပြုကျင့်သင့်သည်။ မကောင်းမှုကို မပြုရာဆိုရာ၌ ငါးပါးသီလဖြစ်သော သူ့အသက် မသတ်ခြင်း၊ သူ့ဥစ္စာ မခိုးခြင်း၊ သူ့သားမယား မပြစ်မှားခြင်း၊ မုသားစကား မပြောခြင်း၊ သေရည်သေရက် မသောက်ခြင်း တို့ဖြစ်သည်။ ဤငါးချက်တို့သည် ရှောင်ရန်ဖြစ်သည်။
ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံရမည်ဆိုရာ၌ ပေးကမ်းစွန့်ကြဲခြင်းနှင့် သတ္တ၀ါများအပေါ် မေတ္တာထားခြင်းတို့ ဖြစ်သည်။ ဤအချက်နှစ်ချက်သည် ဆောင်ရန်ဖြစ်သည်။
စိတ်ကိုဖြူစင်စေရန်အတွက်မူ ဗုဒ္ဓနည်းအတိုင်း ကမ္မဋ္ဌာန်းဘာဝနာ ပွားများခြင်းပင် ဖြစ်ပေသည်-ဟူ၍ ဖော်ပြ ဖားပေသည်။

ဤသို့လျှင် ဓမ္မပဒသည် လူမျိုး ဘာသာ မရွေး အလင်းရောင်ပေးသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဓမ္မပဒကို တန်ဖိုးမဖြတ်နိုင်သော စာမြတ်စာမွန်အဖြစ် ခံယူသင့်သည်။ ဓမ္မပဒကို လက်စွဲပြုလျက် ဆင်ခြင်၊ စဉ်းစား၊ သုံးသပ်၊ ကျင့်ကြံအားထုတ်ကာ ဘ၀ခရီးကို ရဲဝံ့စွာ လျှောက်လှမ်းသင့်ကြပေသည်။
>>>Read more>>> >>